October 9, 2024

၁၁. ၁၁. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းရှိ အလုပ်သမားများ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမား (Migrant)အဖြစ် သွားရောက်လုပ်ကိုင်မှု များလာသဖြင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ လုပ်သားအင်အား ပြသနာကို အဓိကရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၌ အသင်းဝင်စက်ရုံပေါင်း ၅၀၀ နီးပါးရှိပြီး လုပ်သားအင်အား စုစုပေါင်း ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားရှိသည့်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ အမျိုးသမီးငယ်များဖြစ်ကြသည့်အပြင် ၇၆ ရာခိုင်နှုန်းကျော်မှာ ပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြောင်း‌ရွှေ့လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။

“လောလောဆယ်မှာတော့ လုပ်သားအင်အားပါ။ ကျွန်မတို့ဆီကနေ အပြင်ကို ထွက်နေတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ ရေကြည်ရာ မြက်နုရာပေါ့။ ပိုရမယ် ပိုကောင်းမယ်ဆိုတဲ့ဟာကို တားလို့မရပါဘူး။ ကျွန်မတို့ ဒီမှာနေခြင်းအားဖြင့် ပိုကောင်းမယ်။ ပိုရမယ်ဆိုတဲ့အနေအထားကို ပြဖို့ပဲလိုပါတယ်။ ဒါကို ကျွန်မတို့ လုပ်ပါမယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားများသည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ရာတွင် အခြေခံစက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအတွက် အခွင့်အရေးပိုများသည့် ထိုင်းနိုင်ငံဘက်သို့ အဓိကပြောင်းရွှေ့လုပ်ကိုင်နေခြင်းဖြစ်ပြီး ပညာအရည်အချင်းအပေါ် မူတည်၍ ပြောင်းရွှေ့လုပ်ကိုင်သည့် နိုင်ငံများလည်းကွဲပြားမှုရှိကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-11_11-26-47.jpg

“မထူးဘူးလေ။ ပင်ပန်းတာချင်းက အတူတူပဲ။ ဟိုဘက်မှာက ပိုရတယ်လေ။ ဒီမှာက ဆယ်တန်းအောင်နဲ့ ဘွဲ့ရဆိုရင် သုံး၊ လေး နှစ်ဆိုရင် အကြီးပိုင်းရာထူးတွေထဲရောက်သွားပေမဲ့ ဒီလိုမဟုတ်တဲ့သူတွေက အလုပ်စဝင်ကတည်းက အမွှေးညှပ်၊ အထည်ရွေး၊ ချည်ထိုးသမားတွေကတော့ အဲဒါပဲဆက်လုပ်ရတာလေ။ အခုဆို အပြင်ထွက်ဖို့လုပ်နေတာ။ အခုလည်း အိမ်နဲ့ခွဲရတာပဲလေ။ ခွဲရတာချင်းအတူတူ ပိုရတဲ့ဆီကိုပဲ သွားတော့မှာပေါ့” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ၌ လာ‌ရောက်လုပ်ကိုင်နေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် နာမည်ကြီး အမှတ်တံဆိပ်များ၏ အော်ဒါများရရှိမှု နည်းပါးလာခဲ့သော်လည်း တရုတ်နှင့် ကိုရီးယားနိုင်ငံများမှ အဓိကအော်ဒါမှာယူနေခြင်းဖြစ်သည့်အပြင် အထည်ချုပ်စက်ရုံများလည်း ထပ်မံ၍ လာရောက်ရင်းနှီးမြှုပ်နှံရန် အစီအစဉ်များရှိကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်မာ့ကုန်ထုတ်လုပ်မှုသည် ရှစ်လဆက်တိုက် တိုးတက်မှုရှိနေခဲ့သော်လည်း ကုမ္ပဏီများမှ ဝန်ထမ်းဦးရေ လျှော့ချလာမှုနှင့် အလုပ်သမားများသည် လစာပိုရသည့် အလုပ်နေရာများသို့ ‌ရွှေ့ပြောင်းလိုကြသောကြောင့် အလုပ်မှ နှုတ်ထွက်မှုများရှိခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

ပုံစာ-ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများသို့ UMFCCI မှ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံခဲ့မှုကို တွေ့ရစဉ် (Photo- UMFCCI)

Leave a Reply

Your email address will not be published. Required fields are marked *