October 5, 2024

၈. ၁၁. ၂၀၂၃

Written by Pan Ei

နာမည်ကြီး တောင်ကိုရီးယားမင်းသား Park Seo Joon ဟာ ဟောလိဝုဒ်မှာ The Marvels ရုပ်ရှင်နဲ့ ပွဲဦးထွက်တော့မယ်ဆိုတဲ့ သတင်းက လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး သူဟာ စွယ်စုံရ နာမည်ကြီး မင်းသားဖြစ်တာနဲ့အညီ သူ့ရဲ့ ပထမဆုံး ဟောလိဝုဒ် ပွဲဦးထွက်ရုပ်ရှင်အတွက်လည်း ပရိသတ်တွေက စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားခဲ့ကြတာပါ။ ဒါပေမဲ့ ရုပ်ရှင်တကယ်ထွက်ခဲ့ချိန်မှာတော့ သူ့ရဲ့အခန်းက နှစ်မိနစ်ကျော်လောက်ပဲ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ကြရပါတယ်။

အော်စကာဆုရရှိခဲ့တဲ့ Parasite ၊ Midnight Runners နဲ့ မကြာသေးမီက ဆုတွေရရှိခဲ့တဲ့ Concrete Utopia လိုမျိုး နာမည်ကြီးဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Park Seo Joon ဟာ The Marvels မှာ Prince Yan ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး Prince Yan ဆိုတာ Captain Marvel လို့လည်း လူသိများတဲ့ Carol Danvers ရဲ့ ခင်ပွန်းနေရာက ဇာတ်ကောင်ပါ။

This image has an empty alt attribute; its file name is 398490540_122125594352040280_8400138339283434748_n.jpg

The Marvels ရုပ်ရှင်ကို လာမယ့် နိုဝင်ဘာ ၁၀ ရက်ကစပြီး နိုင်ငံတကာမှာ ရုံတင်ပြသသွားမှာဖြစ်ပေမဲ့ တောင်ကိုရီးယားမှာ ဒီနေ့ကစပြီး ရုံတင်ပြသနေတာဖြစ်ပြီး ရုပ်ရှင်ကြည့်ခဲ့ကြတဲ့ ပရိသတ်တွေကြားမှာ ခုလို မင်းသားရဲ့ ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ မကျေနပ်တဲ့ အသံတွေ ထွက်ပေါ်နေခဲ့တာပါ။

The Marvels ရဲ့ ထွေလာမှာလည်း Park Seo Joon ရဲ့ အခန်းကဏ္ဍ များများစားစားမတွေ့ခဲ့ရပေမဲ့ ဇာတ်လမ်းထဲက သူ့အပိုင်းအတွက် ပရိသတ်တွေက မျှော်လင့်မှုတွေ အများကြီးရှိနေခဲ့တာဖြစ်ပြီး တကယ်ရုပ်ရှင်ထွက်ရှိလာချိန်မှာ သူ့အပိုင်းက ၂ မိနစ်နဲ့ စက္ကန့် ၄၀ ကျော်ပဲ ပါရှိတယ်လို့ ပရိသတ်တစ်ယောက်က လူမှုမီဒီယာမှာ ပြောကြားခဲ့တာပါ။ အဲ့ဒါကြောင့် ပရိသတ်တစ်ဦးက ‘ခေါက်ဆွဲပြုတ်ရင်တောင် သူပါတဲ့အပိုင်းကြာချိန်ထက် အချိန်ပိုယူရတယ်’လို့ မှတ်ချက်ပေးခဲ့သလို တချို့ကလည်း အာရှသရုပ်ဆောင်တွေအပေါ် ခွဲခြားဆက်ဆံတယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ မင်းသားကို အသုံးချခဲ့တယ်ဆိုတဲ့မှတ်ချက်တွေပေးကာ ဝေဖန်ခဲ့ကြပါတယ်။

Captain Marvel ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ The Marvels မှာ Brie Larson၊ Iman Vellani၊ Teyonah Parris နဲ့ Samuel L. Jackson စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ Park Seo Joon က ပါဝင်သရုပ်ဆောင်ထားတာပါ။

Ref; Pinkvilla

Leave a Reply

Your email address will not be published. Required fields are marked *