October 30, 2024

၁၈. ၁၁. ၂၀၂၂

Written by Tha Doe

NLD အစိုးရဟောင်းလက်ထက် ပြည်ပကြွေးမြီ ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလျံမှ SAC လက်ထက်တွင် ပြည်ပမှထပ်မချေးဘဲ ဒေါ်လာ ၁ ဘီလျံခွဲနီးပါး ပြန်ဆပ်ခဲ့သဖြင့် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံသို့ လျော့ကျလာသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် နစက၏ ၂၁ ကြိမ်​မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“သမ္မတကြီးဦးသိန်းစိန်လက်ထက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ပြည်ပကြွေးမြီ ဒေါ်လာ ၇ ဒသမ ၉၁ ဘီလျံ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဒသမ ၅၃ ဘီလျံ ရှိခဲ့ပါတယ်။ NLD လက်ထက် ၂၀၁၆-၂၀၁၇ ပြက္ခဒိန်နှစ်မှာ ဒေါ်လာ ၉ ဒသမ ၁၄ ဘီလျံ ကြွေးမြီရှိခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ပြည်ပကြွေးမြီ ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလျံ ရှိခဲ့ပါတယ်။ လက်ရှိ ကျွန်တော်တို့အစိုးရလက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၁ ဒသမ ၄၂ ဘီလျံရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံရှိပါတယ်။ ကျွန်​တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကနေ ယခုအထိ ပြည်ပကြွေးမြီများကို တာဝန်သိစွာ အရင်းရောအတိုးရောပေးဆပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ပြည်ပကြွေးမြီ ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလျံ ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

SAC အစိုးရ တာဝန်ယူစဥ်အတွင်း NLD အစိုးရဟောင်းအပါအဝင် ယခင်အစိုးရများ ချေးယူခဲ့သည့်ချေးငွေများမှ ဒေါ်လာ ၁၄၉၅ သန်းအား ပြည်တွင်းပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၉/၂၀၂၂) ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး SAC အစိုးရလက်ထက်တွင် နိုင်ငံခြားချေးငွေ ပြန်လည်ပေးဆပ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်ဝင်ငွေမှ အမေရိကန်ဒေါ်လာ ၁၄၉၅ သန်း ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း၊ ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ ပြည်ပရင်းနှီး မြှုပ်နှံမှုရငွေ၊ အခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ယခင် အစိုးရ၏ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန် ပေးဆပ်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ဆိုသည်။

ယခင်အစိုးရများလက်ထက်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း SAC တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခြင်းမရှိကြောင်း နိုဝင်ဘာ ၅ ရက်က မြိတ်ခရိုင် MSME လုပ်ငန်းရှင်များကို ပြောကြားပြီးနောက် ထိုသို့ ပြည်ပအကူအညီမရယူဘဲ ဒေါ်လာတစ်ဘီလျံခွဲအား နိုင်ငံ့သိက္ခာအတွက် ပြန်ဆပ်ခဲ့ကြောင်း ပြောလာခြင်းလည်းဖြစ်သည်။

ယခင် NLD အစိုးရဟောင်းက ဦးသိန်းစိန်၏ USDP အစိုးရလက်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အကုန် အာဏာလွှဲပြောင်းရယူစဥ် ပြည်တွင်းပြည်ပကြွေးမြီမှာ ကျပ်၂၇၉၇၀ ဘီလျံသာရှိသော်လည်း အစိုးရအဖြစ်မှ ​ဖြုတ်ချခံရပြီးနောက် NLD အစိုးရဟောင်း ငါးနှစ်ခန့်တာဝန်ရယူအပြီး ၂၀၂၀- ၂၀၂၁ အကုန်တွင် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံကျော်အထိ မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Citizen’s Budget အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

ဦးသိန်းစိန်အစိုးရ စတင်အာဏာယူခဲ့သည့် ၂၀၁၁- ၂၀၁၂ ပြည်တွင်းပြည်ပကြွေးမြီမှာ ကျပ် ၁၆၂၇၃ ဘီလျံဖြစ်ပြီး အာဏာသက်တမ်းပြီးဆုံးသည့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၂၇၉၀ ဖြင့် NLD အစိုးရဟောင်းက ဆက်ခံရရှိခဲ့သည်။

ထို့နောက် NLD အစိုးရဟောင်းလက်ထက်၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၃၉၈၈၉ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၈၃၆၇ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံ စသည်ဖြင့် ဘဏ္ဍာနှစ်စဥ် ပြည်တွင်းပြည်ပကြွေးမြီမြင့်တက်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *