October 8, 2024

၉.၁၁.၂၀၂၃

Written By Thandar

ဆရာအကြည်တော် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အမှတ်တရအနေ‌နဲ့ ဆရာအကြည်တော်ရဲ့ မိတ်ဆွေစာရေးဆရာများ စုပေါင်းရေးသားထားတဲ့ အကြည်တော်ရဲ့ ဖြူစင်ခြင်း အမှတ်တရစာစုများ စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၉ ရက် နေ့လည် ၃နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel (Ballroom) မှာ ကျင်းပခဲ့ပါတယ်။

“ကိုကြည်ဆုံးပြီးကတည်းက အမှတ်တရပွဲလေးတစ်ခု လုပ်ချင်ခဲ့တယ်။ အမှတ်တရစာအုပ်လုပ်မယ်ပေါ့။ သူနဲ့တွဲခဲ့တဲ့ သူငယ်ချင်းတွေကို ချစ်ခင်သူ လက်တွဲ အလုပ်လုပ်ခဲ့တဲ့သူတွေကို စာအုပ်လေးလုပ်မယ်လို့ ပြောဖြစ်တယ်။ ဓိရာမိုရ်ကို ပြောရင်းနဲ့ ဂီတပွဲတစ်ခုပါ တွဲလုပ်ဖြစ်သွားတာပါ။ သူက ပန်းချီတွေဆွဲထားခဲ့တာလည်းရှိတော့ သူ့ပန်းချီကားတွေကို တချို့ပျက်စီးကုန်တော့ ၃ ၊ ၄ ကားပဲရှိတော့တယ်။ တစ်နိုင်ငံက သူ့ကိုချစ်ခင်ပြီး လက်ဆောင်ပေးအပ်ခဲ့တဲ့ ပန်းချီကားတွေပါ။ ဒီစာအုပ်မိတ်ဆက်ပွဲမှာ တစ်ခါတည်းပြသဖြစ်တာပါ”လို့ အကြည်တော်ရဲ့ အကိုဖြစ်သူ ကိုဆန်းက MTNEWS Entertainment ကို ပြော‌ပါတယ်။

အဆိုပါ စာအုပ်မှာ အကြည်တော်ကို ချစ်ခင်ကြတဲ့ စာရေး ဆရာ ၃၆ ယောက်က ရှုထောင့်မျိုးစုံက ကောက်ကြောင်းတွေကို စာအုပ်ထဲမှာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒီစာအုပ်မှာ မိသားစုဝင်အနေနဲ့ ၅ ဦး၊ ငယ်သူငယ်ချင်းတချို့က ပါဝင်ရေးသားခဲ့ပြီး အကြည်တော်ရဲ့ဘဝကောက်ကြောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

“တကယ်တမ်းပွဲဖြစ်မြောက်လာတဲ့အချိန်မှာ ဝမ်းသာပီတိဘယ်ဖြစ်နိုင်ပါ့မလဲ။ တကယ်တော့ အင်မတန်ဝမ်းနည်းရတဲ့ပွဲလေးတစ်ခုပါ။ အားလုံးဝိုင်းကူညီလို့လည်း ကျေးဇူးတင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အကြည်တော်ရဲ့ ဖြူစင်ခြင်းစာအုပ်ကို စာဖတ်ပရိသတ်တွေအနေနဲ့ ငွေကျပ်တန်ဖိုး ၁၀၀၀၀ နှုန်းနဲ့ ဝယ်ယူနိုင်ပြီး ဖြန့်ချိနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *