October 7, 2024

၉. ၁၁. ၂၀၂၃

Written by Nyein Kyaw

ပြည်တွင်း၌ ‌ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းရော်ဘာဈေးကွက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည့် အတွက် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို ပြည်တွင်း၌ မဖြစ်မနေ ထုတ်လုပ်ရန် အလေးအနက်ထား တိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းထုတ်လုပ်ရန် အခြေခံကောင်းများရှိသော်လည်း ထုတ်လုပ်မှုကဏ္ဍကို အားပေးမှုမရှိခဲ့ခြင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း စသည်တို့ကြောင့် ပြည်ပမှ ရော်ဘာအခြေခံထုတ်ကုန်များ တင်သွင်းနေရခြင်းရှိနေကြောင်း၊ ဥပမာအားဖြင့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ်တာယာများ၊ ကျွတ်များကို နှစ်စဉ်ပျမ်းမျှ အမေရိကန်‌ဒေါ်လာ ၆၅ သန်းဖိုးခန့် တင်သွင်းနေရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ရော်ဘာစိုက်ပျိုးမှုသမိုင်းကြောင်း ရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရော်ဘာအထွက်နှုန်းနှင့် အရည်အသွေးသည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောင်မြင်တိုးတက်မှုအပိုင်း အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ၁ ဒသမ ၆၄ သန်းဧက စိုက်ပျိုးထားရှိပြီး အစေးခြစ်ဧက ၁ သန်းနီးပါးမှ ရော်ဘာတန်ချိန် ၃ သိန်းကျော်ထွက်ရှိကြောင်း၊ နှစ်စဉ်ထွက်ရှိသည့် ရော်ဘာများအနက် ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် ၂ သောင်းကျော်ခန့်ရှိပြီး ပြည်ပကို တန်ချိန် ၃ သိန်းခန့် တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာတန်ချိန် ၄ သိန်းခန့် တင်ပို့နိုင်ရေး လျာထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရော်ဘာတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၂၅၀ မှ ၄၅၀ ကြားရရှိခဲ့သည့်အတွက် ရော်ဘာသီးနှံသည် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသည့် စက်မှုသီးနှံဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *