October 8, 2024

တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်နှင့် ချင်းရွှေဟော် စခန်းနှစ်ခုကို တွေ့ရစဉ်

တရုတ်ကုန်စည်များကို ထိုင်းဘက်‌ရွှေ့ကာ နိုင်ငံပြောင်းသယ်လျှင်ပင် အများဆုံး နှစ်ဆခန့်အထိသာ မြင့်တက်နိုင်ဟု ဆို

၁၀. ၁၁. ၂၀၂၃
Written by Nyein Kyaw

မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်မှတင်သွင်းသည့် ကုန်ပစ္စည်းများကို နယ်စပ်ပြောင်း တင်သွင်းနေရသည့်အ တွက် သယ်ယူကုန်ကျစရိတ် ယခင်ထက် ငါးဆအထိ မြင့်တက်မှုများရှိနေခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် နိုင်ငံကူးပြီး ထိုင်းနိုင်ငံဘက်မှ ပြောင်းလဲတင်ပို့လျှင်ပင် ကုန်ကျစရိတ် အများဆုံး နှစ်ဆအထိသာ မြင့်တက်နိုင်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် မူဆယ်လမ်းကြောင်း ပိတ်ထားသည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား- ကျိုင်းတုံ-မန္တလေး လမ်းပိုင်းမှတစ်ဆင့် တရုတ်ကုန်စည်များကို တင်သွင်းနေကြရသည့်အတွက် သယ်ယူပို့ဆောင်ရေးစရိတ် ငါးဆခန့်အထိ မြင့်တက်မှုရှိနေကြောင်း သွင်းကုန်လုပ်ငန်းရှင်၏ ပြောကြားချက်အရ မီဒီယာအချို့တွင် ဖော်ပြထားခြင်းဖြစ်သည်။

“အဲဒီလောက်ကြီးတော့ မတက်ဘူး။ တစ်ခုတော့ရှိတာပေါ့။ ပြည်မထဲမှာ ရွှေ့ရတဲ့စရိတ်တွေတော့ ရှိလိမ့်မယ်။ တစ်ခါတလေသူတို့ ပြည်မထဲကနေ ဆိပ်ကမ်းကို ရွှေ့တဲ့စရိတ်တွေကတော့ ပိုကုန်တယ်။ ဥပမာပေါ့။ မြန်မာနိုင်ငံထဲကို သယ်တဲ့ ရန်ကုန်၊ မန္တလေးကို ပြန်သယ်တယ်ဆိုရင်လည်း တရုတ်ကနေ ရန်ကုန်အရောက်၊ မန္တလေးအရောက် ကုန်ကျစရိတ်က မူဆယ်ကဆင်းတာနဲ့ ဈေးနဲ့ယှဉ်မယ်ဆိုရင်တောင် မြဝတီဘက်ကဆင်းတာထက် လက်ရှိမှာဆိုရင် မူဆယ်ဘက်က ပိုများတယ်” ဟု နယ်စပ်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

ခွင့်ပြုပြီးသား ပို့ကုန်/သွင်းကုန်ပစ္စည်းတွေအတွက် ယခင်သတ်မှတ်ထားသည့် နယ်စပ်ဂိတ်မဟုတ်တော့ဘဲ အခြားနယ်စပ်ဂိတ်ပြောင်းလဲရခြင်း၊ ဆိပ်ကမ်းပြောင်းလဲကြောင့် ယခင်ကုန်ကျစရိတ်ထက် မြင့်တက်လာမှုရှိမည်က အမှန်ပင်ဖြစ်သော်လည်း ယခုကဲ့သို့ သယ်ယူစရိတ် ငါးဆအထိ မြင့်တက်လာနိုင်ခြင်းမရှိကြောင်း နယ်စပ်ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တချို့က သုံးသပ်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ တင်သွင်းထားသည့် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံဘက်သို့ နိုင်ငံကူးပြောင်းပြီး မြန်မာနိုင်ငံကို ပြန်လည်တင်သွင်းမည်ဆိုပါက ယခုကဲ့သို့ သယ်ယူစရိတ် ငါးဆအထိ မကုန်ကျနိုင်ကြောင်းနှင့် နိုင်ငံမပြောင်းဘဲ မြန်မာ-တရုတ်နယ်စပ်ရှိ အခြားနယ်စပ်ဂိတ်ကိုသာ ပြောင်းလဲသယ်ယူမည်ဆိုပါကလည်း သယ်ယူစရိတ်သည် အမြင့်ဆုံးနှစ်ဆဝန်းကျင်ခန့်သာ ကုန်ကျနိုင်မည်ဟု သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်းဘက်ကို နိုင်ငံပြောင်း ရွှေ့မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံထဲမှာ ပြန်သယ်မယ်ဆိုရင်လည်း တာချီလိတ်-ရန်ကုန်က ပိုဝေးသွားတော့ မူဆယ်ဘက်ကနေရွှေ့ရင် မြဝတီလမ်းကြောင်းကို ရွှေ့ကြတယ်။ စရိတ်ကတော့ တက်မှာပဲ။ ငါးဆလောက်တော့ မတက်နိုင်ဘူး။ ထိုင်းနိုင်ငံဘက် နိုင်ငံပြောင်းပြီးသယ်ရင်တောင် ငါးဆလောက်မရှိဘူး။ အရင်ထက် နှစ်ဆလောက်တော့ ရှိမှာပေါ့” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် မူဆယ်သို့ ရောက်ရှိပြီးသား ပစ္စည်းများကိုမူ မူဆယ်လမ်းကြောင်း ပြန်ဖွင့်အချိန်အထိ စောင့်ဆိုင်းပြီးမှ သယ်ယူနိုင်မည်ဖြစ်ပြီး ကျန်သည့် သွင်းကုန်အမှာစာအသစ်များကို ‌ရွှေလီမှ မန္တလေးအထိအရောက် ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းကြောင်းမှတစ်ဆင့် သယ်ယူပါက သုံးပတ်ခန့်ကြာမြင့်နေကြောင်း သိရှိရသည်။ ကုန်ကားကြီးများဖြင့် မသယ်ယူနိုင်သဖြင့် ကားအသေးများဖြင့် သယ်ယူရသဖြင့် ကုန်ကျစရိတ် ငါးဆအထိ မြင့်တက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *