October 8, 2024

၁၀. ၁၁. ၂၀၂၃
Written by Pan Ei

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကစပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ သီတင်းပတ် နှစ်ပတ်ကြာ ဖြစ်ပွားနေပြီး ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားပြီးနောက်ပိုင်း ခုဖြစ်စဉ်တွေဟာ SAC အစိုးရအတွက် အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ စိန်ခေါ်မှုဖြစ်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ တပ်မတော်စခန်း ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ အရေးကြီး ကုန်သွယ်မှုလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

“နိုဝင်ဘာ ၉ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူပေါင်း ၅၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်” လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်တဲ့ လားရှိုးမြို့နယ်အပြင်ဘက်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့တာကြောင့် တိုက်ပွဲတွေအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတွေကို နှောင့်နှေးစေခဲ့တယ်လို့ UNOCHA က ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ ငွေသားရရှိနိုင်မှုအပေါ် ကန့်သတ်ချက်တွေဟာလည်း ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေရဲ့အကူအညီပေးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အဟန့်အတားဖြစ်စေတယ်လို့လည်း UNOCHA က ဆက်လက် ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-10_15-10-16.jpg

အခုလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ်တို့မှာ တပ်မတော်နဲ့ အတိုက်အခံတွေကြားက တိုက်ပွဲတွေကြောင့် နောက်ထပ် လူ ၄၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မှတ်ချက်အနည်းငယ်သာ ပြောကြားခဲ့ပေမဲ့ အခုသီတင်းပတ်အစောပိုင်းက နယ်စပ်သောင်းကျန်းသူတွေအရေးကို စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားမယ်လို့ ယာယီသမ္မတ သတိပေးခဲ့ပါတယ်။

တိုက်ပွဲတွေဟာ တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ သွယ်တန်းထားတဲ့ ဝေးကွာပြီး ထူထပ်တဲ့ တောထဲမှာ ဖြစ်နေပြီး ဆက်သွယ်ရေးခက်ခဲမှုတွေကြောင့် လူ အသေအပျောက် အရေအတွက်ကို အတည်ပြုဖို့ ခက်ခဲနေစေပါတယ်။

SAC အစိုးရရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဘေဂျင်းက မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားအသေအပျောက်ရှိတယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်နိုင်ငံသား သေဆုံးမှု၊ ဒဏ်ရာရရှိမှု ရှိ၊ မရှိနဲ့ အခင်းဖြစ်ပွားတဲ့နေရာ အတိအကျကို ပြောကြားခြင်း မရှိပါဘူး။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *