October 8, 2024

၁၀. ၁၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ ခုနှစ်လအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာ နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၆၃ ဒသမ ၇၅ သန်းသာ ခွင့်ပြုနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၅၈ ဒသမ ၈၉၇ သန်းနှင့် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၈၅၃ သန်း ဝင်‌ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်တန်ဖိုးရှိ လုပ်ငန်းသုံးခုခွင့်ပြုခဲ့ပြီး စုစုပေါင်းခွင့်ပြုပမာဏ၏ ၆၆ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၅၃ သန်းကျော်တန်ဖိုးရှိ လုပ်ငန်း ၃၆ ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ‌ဒေါ်လာ ၂၃ သန်းကျော်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် စသည်တို့အပြင်း အခြားသောကဏ္ဍများသို့လည်း ဝင်‌ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ အောက်တိုဘာလကုန်အထိ သီလဝါ အထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံအတွင်း ခွင့်ပြုပေးထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃၆ ဘီလျံရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံနီးပါး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် ဒေါ်လာသန်း ၆၄၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *