October 30, 2024

နိုဝင်ဘာ ၆ ရက်က ဓမ္မကာယကျောင်းတိုက်တွင် ကျင်းပခဲ့သော ကထိန်အခမ်းအနားကို တွေ့ရစဥ်

MT News

Written by Tha Doe

ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများ ပါဝင်​သော အပြည်ပြည်ဆိုင်ရာ ဒုလ္လဘရဟန်းခံပွဲတွင် ဒုလ္လဘ ၃၀၀၀ အား ရဟန်းခံပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ဓမ္မကာယကျောင်းတိုက်မှ သိရသည်။

ထိုင်းနိုင်ငံမှ ဝမ်ပါနမ်ဆရာတော်အား အမှူးပြုသော အဆိုပါ ရဟန်း ၃၀၀၀ ဒုလ္လဘရဟန်းခံပွဲအတွက် အလှူရှင်လည်းရှိပြီးဖြစ်ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် ကျန်အာဆီယံနိုင်ငံများမှ လူ ၁၆၂၀ ဦး စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံ​ရောက် မြန်မာအမျိုးသားများ ရဟန်းဝတ်လို့ရပါတယ်။ သင်္ကန်းနဲ့ ပရိက္ခရာများအတွက် အလှူရှင်များ ရှိပြီးဖြစ်တဲ့အတွက် ပိုက်ဆံကုန်စရာ မလိုဘဲ ရဟန်းဝတ်နိုင်မှာ ဖြစ်ပါတယ်”ဟု ဓမ္မကာယကျောင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်

အပြည်ပြည်ဆိုင်ရာ ဒုလ္လဘရဟန်းခံပွဲသို့ နိုဝင်ဘာ ၂၁ ရက်အထိ စာရင်းပေးနိုင်မည်ဖြစ်ပြီး ကျင်းပမည့် အစီအစဥ်များတွင် နိုဝင်ဘာ ၁၉ ရက်၌ ဆံချခြင်း၊၂၀ ရက်​နေ့တွင် မိဘ (သို့) အုပ်ထိန်းသူများအား ပြစ်မှားခဲ့​သည်များကို ခွင့်လွှတ်​ပေးရန် ​တောင်းပန်ခြင်း၊ ၂၆ ရက်​နေ့ နံနက်ပိုင်းတွင် ကိုရင်​လောင်းများ ဓမ္မကာယ​စေတီ​တော်ကို လှည့်ပတ်ပူ​ဇော်ခြင်း အခမ်းအနားနှင့် ကိုရင်ဝတ် အခမ်းအနားများ ကျင်းပမည်ဖြစ်သည်။

ထို့နောက် ယခုနှစ် ဒီဇင်ဘာ ၁ ၊ ၂ ရက်တွင် ရဟန်းပြု/ရဟန်းခံ အခမ်းအနားကို ၂ ရက် ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး သိမ်တက်သည့်အချိန်တွင် ထိုင်းနိုင်ငံတဝှမ်းမှာရှိသည့် ဘုန်းကြီးကျောင်း​ပေါင်း ၂၀၀ ​ကျော်သို့ သွား​ရောက် သိမ်တက်မည်ဖြစ်ကာ ဒီဇင်ဘာ ၄ ရက်​နေ့တွင်ရဟန်းသစ်များအား ဆွမ်း​လောင်းပွဲ အခမ်းအနား၊၂၀၂၃ ခုနှစ် ဇန်နဝါရီလ တစ်လလုံး ဓုတင်လမ်း​လျှောက်အခမ်းအနား၊ ​​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့မှ စ၍ တရားအားထုတ်​ခြင်း၊ တရားထိုင်ခြင်းများပြုလုပ်၍ မတ်လ ၆ ရက်​နေ့တွင် မာဃပူဇာ​ဒေး (ဆီမီးပူ​ဇော်ပွဲ)ကျင်းပပြီး မတ်လ ၇ ရက်​နေ့တွင် ရဟန်းခံ စီမံကိန်း ​အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်သည်။ ဒုလ္လဝတ်သူများအနေဖြင့် မတ် ၇ ရက်အပြီးတွင် သာသနာ့​​ဘောင်တွင် ဆက်လက်​နေလိုပါကလည်း ဆက်လက်နေထိုင်နိုင်ပြီး လူထွက်လိုပါက လူထွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒုလ္လဘရဟန်းဝတ်အစီအစဥ်ကို နှစ်စဥ်ကျင်းပမည်ဖြစ်ပြီး ဒုလ္လဘရဟန်းဝတ်ချင်သူများအနေဖြင့် နိုဝင်ဘာ ၂၁ ရက်​အထိ 0846923891 နှင့် 0947582539 ဖုန်းများကို ဆက်သွယ်နိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *