October 30, 2024

MT News

Written by Thettant

AA က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်နှစ်ဦး အပါအဝင် ၁၀ ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ကုသပေးနေရကြောင်း SAC က နိုဝင်ဘာ ၁၇ ရက် နေ့ညတွင် ကြေညာသည်။

ဖြစ်စဥ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံရဲကင်းစခန်းအား နိုဝင်ဘာ ၁၆ ရက်တွင် AA အဖွဲ့မှ အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောင်းဒုံးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံ တိုင်းရင်းသား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။

AA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လောင်းဒုံ(မြို့)ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် ၃ လုံးသည် ၎င်းကျေးရွာနေ ဦးဆော်မလုံး၏ သား အမည်ပေး ကင်ပွန်းတပ်ပွဲကျင်းပ ပြုလုပ်နေသည့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၃ ဦး တို့ အပါအဝင် အမျိုးသား၂၁ ဦး၊ အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း ၂၄ ဦးတို့တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု SAC က ကြေညာသည်။

ထိုဖြစ်ရပ်အတွက် AA ကလည်း SAC ၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကြေညာထားပြီး အပြန်အလှန်အပြစ်ဖို့မှုများအကြားတွင် ပြည်သူများသာ သေဆုံးဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *