October 5, 2024

၈ .၁၁. ၂၀၂၃

Written by Hey Mar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းမှာ မနေ့က နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့်က ရဟန်းတော်တစ်ပါး မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းလာတဲ့ ရဟန်းတော်ဟာ အခင်းဖြစ်နေရာမှာတင် ပျံလွန်ခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

အဆိုပါယာဥ်တိုက်မှုဟာ အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၉၇/၂) မှာ ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာစဥ် ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ယာဥ်ကို မောင်းနှင်လာတဲ့ ရဟန်းတော်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဓမ္မပါလကျောင်းတိုက်ဆရာတော် ဦးဝိဇယသိဒ္ဓိ သက်တော်(၄၆) နှစ်ဖြစ်ပြီး CR-V အမျိုး အစားခဲရောင်ယာဥ်ကို မောင်းနှင်လာရာက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ကနေတစ်ဆင့် တစ်ဖက်ယာဥ်ကြောပေါ်ရောက်ရှိကာ သစ်ပင်နဲ့ အပြင်းအထန် တိုက်မိခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆရာတော်ဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာတင် ပျံလွန်တော်မူခဲ့ပြီး ယာဥ် ပေါ်ပါအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ပျံလွန်တော်မူခဲ့တဲ့ဆရာတော်ရဲ့ ရုပ်ကလာပ်နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အမြန်လမ်းမီးသတ်တပ်ဖွဲ့ သူနာတင်ယာဥ်နဲ့ သိုက်ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့​ပြီး၊ စျာပနပြုလုပ်ရာမှာ ဆရာတော်ရဲ့ ဇာတိ ဖြစ်တဲ့ ​တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ တင်းကုပ်တန်း​ကျေးရွာမှာ ၅ ရက် ကျင်းပပူ​ဇော်ပြုလုပ်မှာ ဖြစ်ပြီး ၇ ရက်ပြည့်​မြောက်တဲ့အခါမှာ ရန်ကုန်မြို့ တာ​မွေမြို့နယ် ​မေတ္တာညွန့်ရပ်ကွက် လက်ဝဲမင်းဒင်လမ်းက ဓမ္မပါလ​ကျောင်းတိုက်မှာ ပြန်လည်ကုသိုလ်​ပေးမှာဖြစ်​ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *