October 30, 2024

MT News

Written by Min Mahar

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း SAC လုံခြုံရေးတပ်ဖွဲ့ဝင်များကို NGU:FF မြေခွေးတပ်ဖွဲ့က နှစ်ရက်ဆက် မိုင်းခွဲရာ ပထမရက်တွင်ပင် လခရ ၂၀ ကျော် ကျဆုံး/သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

မြေခွေး PDF ၏ ထုတ်ပြန်မှုတွင် “နိုဝင်ဘာ ၁၆ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးတိုင်း မတ္တရာမြို့နယ် ကင်းရွာတွင် တပ်စွဲထားသော လခရ ယာဉ်တန်းကို မကျီးကုန်းရွာနှင့် တောင်ကန်ရွာကြားတွင် ပဒေသာမိုင်းဖြင့်မိုင်းစွဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် ကြာနီကန်ရွာနေ ပျူစောထီး ဒလန် မင်းမင်းစိုး အပါအဝင် တပ်သား (၂၀)ကျော် သေဆုံးကာ လခရကားကြီး သုံးစီး ပျက်စီး၍ တစ်စီးမှာ ရှေ့ကားခေါင်းခန်း မီးလောင်ပြီး ချောက်ထဲကျ၊ ကျန်တစ်စီးမှာ လယ်ထဲ တိမ်းမှောက်ခဲ့သည်” ဟု NGU:FF မြေခွေးတပ်ဖွဲ့က ဖော်ပြထားသည်”

ထို့ပြင် အဆိုပါထုတ်ပြန်မှုတွင် ” နိုဝင်ဘာ ၁၇ ရက် နေ့လည် ၁ နာရီအချိန်တွင် ဧရာဝတီမြစ်ဘေး သဖန်းဒေါင့်ရွာ၏ တောင်ဘက် ရွာအထွက်လမ်းတွင် တပ်သားအင်အား ၇၀ ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက်တော့ အတိအကျမသိရသေးဘူး”ဟုလည်း ထပ်မံဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုများကို NGU:FF မြေခွေးတပ်ဖွဲ့ ၊ တိုက်သိမ်း တော်လှန်ရေးတပ်ဖွဲ့နှင့် နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ကပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းကိုလည်း ဝန်ခံထားသည်။

နိုဝင်ဘာ ၁၆ ရက်က ၎င်းတို့အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ မော်တော်ကားများပါတိုက်ခိုက်ခံရပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းကို SAC က သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူသည် ကြာနီကန်ရွာနေ ဦးမင်းမင်းစိုး မဟုတ်ဘဲ ယာဉ်မောင်း ဦးတင်သောင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး NGU:FF က မှားယွင်းတိုက်ခိုက်မှုဖြစ်ကြောင်းလည်း ဝေဖန်မှုများ ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *