October 5, 2024

၈. ၁၁. ၂၀၂၃

Written by Ye Kyaw

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်တွင်း၌ ရောင်းချသင့်သည့် သင့်တင့်မျှတသော ဆန်‌ဈေးနှုန်း (Reasonable Market Price) များ ထုတ်ပြန်ခဲ့ပြီး ဧရာဝတီပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ထက်ကျော်၍ မရောင်းရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယ‌နေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အသင်းဝင်ကုမ္ပဏီများ၊ အသင်းဝင်ဆန်စက်ပိုင်/ ဆန်ကုန်သည်များအတွက် ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ချိန်တွင် သင့်တင့်မျှတသော စပါးဈေးနှုန်းများဖြင့် ဝယ်ယူရေး ဆောင်ရွက်ရန် ရည်ညွှန်းစပါးဈေးနှုန်းကို စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်၍ အဆိုပါ စပါးဈေးနှုန်းများနှင့် လိုက်လျောညီထွေရှိစေမည့် ဆန်စျေးနှုန်းများ ဖြစ်စေရန် ထိန်းကျောင်းဆောင်ရွက်ရမည့် အစီအမံများ၊ ဈေးနှုန်းများကိုလည်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းသတ်မှတ်ချက်အရ ၁၀၈ ပေါင် တစ်တင်းခွဲအိတ်ကို အခြေခံသတ်မှတ်ပေးထားပြီး ဧည့်မထအုပ်စုဆန်များအတွက် ၂၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၅၈,၀၀၀ မှ ကျပ် ၆၀,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၀,၀၀၀ မှ ကျပ် ၆၂,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၂,၀၀၀ မှ ကျပ် ၆၄,၀၀၀ သတ်မှတ်ခဲ့သည်။

ဧရာမင်း၊ ဧရာပဒေသာ၊ အထူးဧည့်မထအုပ်စုများအတွက် ၂၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၆၅,၀၀၀ မှ ကျပ် ၇၀,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၀,၀၀၀ မှ ကျပ် ၇၅,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၅,၀၀၀ မှ ကျပ် ၈၀,၀၀၀ သတ်မှတ်ခဲ့ပြီး ဧရာဝတီပေါ်ဆန်းအတွက် ၁၀-၅ မှတ်ဆန် တစ်အိတ်ကို ကျပ် ၇၅,၀၀၀ မှ ကျပ် ၈၀,၀၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-08_16-17-14.jpg

ရွှေဘိုပေါ်ဆန်းဆန်အတွက်ကိုမူ ‌ရွှေဘိုစပါးပေါ်ချိန် ဒီဇင်ဘာလမှ စတင်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀ အထိဖြစ်ပေါ်နေသည့် လူလက်တန်းစားများ အဓိက စားသုံးနေသည့် ကြားပျံရှယ် (တောင်ပျံ)ဆန် ဈေးနှုန်းများ ပါဝင်လာခြင်းမရှိသေးကြောင်း သိရသည်။

ပြည်တွင်း ဆန်စပါးဈေးကွက်တည်ငြိမ်မှုကို ပျက်ပြားအောင် မသင့်လျှော်သည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နေသူများ၏အန္တရာယ်မှ လျော့နည်းသွားစေရန်နှင့် ၎င်းတို့ကိုစောင့်ကြည့်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

“တောင်သူတွေအတွက် ရည်ညွှန်းဈေးတွေ သတ်မှတ်သလို ပြီးရင်ဆန်ဈေးတွေကို ရည်ညွှန်းဈေးတွေသတ်မှတ်ပြီး ရောင်းချတဲ့အနေအထားမျိုးကိုလည်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ စည်းကမ်းလိုက်နာတဲ့သူရှိသလို မလိုက်နာတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တက်နိုင်သမျှကြိုးစားပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

ဆန်ဈေးနှုန်း တွက်ချက်ရာတွင် စိုက်ပျိုးသူ ‌တောင်သူများအတွက် သင့်တင့်မျှတသော အကျိုးအမြတ် (၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင်) ထည့်သွင်းစဉ်းစားမှု၊ ကြိတ်ခွဲထုတ်လုပ်သူ ဆန်စက်လုပ်ငန်းများအတွက် သင့်တင့်မျှတသော အကျိုးအမြတ် ၄ ရာခိုင်နှုန်း၊ (ဆန်စက်ရင်းနှီးမြှုပ်နှံမှုအပေါ် ၂ ရာခိုင်နှုန်းနှင့် ပြုပြင်ထိန်းသိမ်းမှု ရန်ပုံငွေ ၂ ရာခိုင်နှုန်း၊ သိုလှောင်ရုံ ဖြန့်ဖြူး ရောင်းချသူများအတွက် တစ်လအကျိုးအမြတ် ၂ ရာခိုင်နှုန်း၊ ယခင်နှစ်ဈေးနှုန်းများ၊ နိုင်ငံတကာပေါက်ဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်စည်ဈေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ်ကာ တွက်ချက်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခု ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများသည် လက်လီလက်ကားဈေးကွက်အတွင်း ရောင်းချမှုမျာအတွက် ဈေးနှုန်း ၅ ရာခိုင်နှုန်း ကွာဟနိုင်ပြီး Super Market များ၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၂ ရာခိုင်နှုန်း ကွာဟနိုင်‌ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၈ ရက် (ယနေ့)တွင် ဆန်စပါးကုန်သည်အသင်း (ဝါးတန်းကုန်စည်ဒိုင်)မှ ထုတ်ပြန်ထားသည့် ပြည်တွင်းဆန်ဈေးနှုန်းများအရ တစ်တင်းခွဲဆန်တစ်အိတ်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ကျပ် ၁၂၅,၀၀၀၊ ကြားပျံရှယ် ကျပ် ၁၀၀,၀၀၀၊ ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ဖျာပုံပေါ်ဆန်း ကျပ် ၁၀၀,၀၀၀၊ ဒေးဒရဲပေါ်ဆန်း ကျပ် ၉၈,၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း ကျပ် ၁၀၀,၀၀၀ အထိရှိကြောင်း သိရသည်။

ပုံစာ- ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် သက်သာဈေးနှုန်းဖြင့် ဆန်များရောင်ချပေးခဲ့မှုကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *