October 5, 2024

၈. ၁၁. ၂၀၂၃

Written by Nay Aung

အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေ၍ မြန်မာ့တပ်မတော်က ကယ်တင်ကာ လတ်တလောတိုက်ပွဲများကြောင့် ယာယီထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းမျိုးမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယရဲချုပ်ဖြစ်သူ Surachet Hakphan က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းဒုတိယရဲချုပ်သည် မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မိခင်နိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ရန်အတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့်ဆွေးနွေးရန် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။ ထိုင်းဒုတိယရဲချုပ်သည် မြန်မာနိုင်ငံကိုရောက်ရှိနေချိန်အတွင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူများအပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်လာရန် နှောင့်နှေး နေခြင်းမျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အဆင့်ဆင့်ပို့​ဆောင်ရန် ကြိုးပမ်းနေကြောင်း ထိုင်းဒုတိယရဲချုပ်ကပြောသည်။

This image has an empty alt attribute; its file name is 398964137_634747045498033_6709915602851587740_n.jpg

ထိုင်း ဒုတိယရဲချုပ်က “မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေဟာ မြန်မာအစိုးရရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ မြန်မာ့တပ်မတော်သားတွေဟာ ထိုင်းနိုင်ငံသားတွေကို ပြန်ပေးဆွဲတာ၊ တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုတာမျိုးမရှိဘူးဆိုတာကို ကျွန်တော်အတည်ပြုနိုင်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို ပြန်ပေးဆွဲတာ၊ လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိပါဘူး။ မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ကောင်းမွန်စွာ ဂရုစိုက်စောင့်ရှောက်ထားပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံသားများသည် လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်စခန်းများတွင် နေထိုင်ရသည့်အတွက် နေထိုင်ရမှု သက်သောင့်သက်သာတော့မရှိကြောင်း၊မြန်မာအာဏာပိုင်များကလည်း ဖမ်းဆီးထိန်းသိမ်းထားသော ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အကောင်းဆုံးလုပ်ဆောင်နေသည်ဟု ပြောဆိုထားကြောင်း ထိုင်းဒုတိယရဲချုပ်က ပြောသည်။

မြန်မာအာဏာပိုင်များသည် လောင်ကိုင်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ထိုင်းနိုင်ငံသားများကို နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်မှုအတွက် တရားစွဲဆိုသွားမည့်အစီအစဉ်မျိုးလည်းမရှိကြောင်း ထိုင်းရဲဒုတိယရဲချုပ်ကပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့က မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားလာခဲ့ရာ လူပေါင်း ၃၇၄၀၀ ခန့်နေရပ်စွန့်ခွာနေထိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော UNOCHA က ဖော်ပြထားသည်။

Ref; transbordernews

Leave a Reply

Your email address will not be published. Required fields are marked *