MT News
Written by Thettant
မော်တော်ဆိုင်ကယ်အရောင်းပြခန်းလုပ်ဆောင်လိုသည့် ကုမ္ပဏီများ အသစ်ကိုသာတင်သွင်းရန်နှင့် ကျပ်သိန်း ၅၀၀ ပေးသွင်းထားသည့် ဘဏ်အာမခံချက်တင်ပြရန် သတ်မှတ်ချက်များ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်မည့် ကုမ္ပဏီများသည် တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရန်၊ မော်တော်ဆိုင်ကယ်အသစ်များ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ် (Distributorship) သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership) အဖြစ် တရားဝင် ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရန်၊ လျှပ်စစ်ဆိုင်ကယ်တင်သွင်းမှုများ၌ တပ်ဆင်အသုံးပြုသည့် ဘတ္ထရီ (Battery) များအပါအဝင် အရည်အသွေးပိုင်းဆိုင်ရာ အာမခံမှုရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများ (After Sale Service) ပေးခြင်း၊ အပိုပစ္စည်းများ (Spare Parts) ပံ့ပိုးပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ဆောင်မှုစင်တာ (Maintenance & Services Center) များ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့်ဘဏ်တွင် မြန်မာငွေ ကျပ်သိန်း ၅ဝဝ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရန်၊ လုပ်ငန်းအမျိုးအစားအလိုက် ထုတ်ပေးထားသည့် အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံချက် ပုံစံတင်ပြရန်၊ မော်တော်ဆိုင်ကယ်အရောင်းပြခန်း (ရုံးခန်း၊ ဧည့်နားနေခန်းနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုစင်တာ (After Sale Service Center အပါအဝင်) ၏ အကျယ်အဝန်း အနည်းဆုံး စတုရန်းပေ ၅၀၀၀ ရှိရန် စသည့် သတ်မှတ်ချက်များလည်း ဖော်ပြထားသည်။
အရောင်းပြခန်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားစဉ်ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မော်တော်ဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်ခြင်းသည် မှန်ကန်ကြောင်းထောက်ခံချက်ဖြင့် ခြောက်လယာယီ ခွင့်ပြုနိုင်ကြောင်းနှင့် မော်တော်ဆိုင်ကယ် အရောင်းပြခန်းရုံးခွဲများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလုပ်ကိုင်ခွင့်ရယူရမည် စသည့် အချက်များ သတ်မှတ်ထားကြောင်း သိရသည်။