၉. ၁၁. ၂၀၂၃
Written by Hey Mar
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ အရက်ကြောင် ကြောင်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ငှက်ပျောခင်းထဲက ငှက်ပျောပင်မှာ ဆွဲကြိုးချသေဆုံးနေတဲ့ ဖြစ်စဥ်တစ်ခု နိုင်ဝင်ဘာ ၈ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်အခြေ စိုက် ကရုဏာရှင်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်အရ ဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ ထန်းတပင်ကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာမှာရှိတဲ့ ငှက်ပျောခင်းထဲမှာ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ သက်သေအဖြစ် ထန်းတပင်ကျေးရွာ ရာအိမ်မှူးတွေနဲ့အတူ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာ၊ ဆွဲကြိုးချ သေဆုံးသူမှာ ဇော်ထွေး(ခ)ကိုသဲ အသက် (၃၇) နှစ်ဖြစ်ပြီး၊ တောင်သူ တစ်ဦးဖြစ်ကြောင်း၊ ထန်းတပင်ကျေးရွာ ဇေယျာသီရိမြို့နယ်မှာနေသူဖြစ်ကြောင်း သိရှိရတယ်လို့ သိရပါတယ်။ သူဟာ ငှက်ပျောခင်းထဲမှာရှိတဲ့ အမြင့်၅ပေခွဲခန့်ရှိတဲ့ ငှက်ပျောပင်စည်ကို သူဝတ်ဆင်ထားတဲ့ ပုဆိုးကိုဖြဲပြီးချည်ကာ ပုဆိုးစတစ်နောက်တစ်ဖက်ကို လည်ပင်းမှာ မိန်းမချီ ပြီး ငှက်ပျောပင်ကိုဖက်ကာ မြေကြီးပေါ်မှာ ဒူးကွေးလျက်အနေအထားနဲ့ သေဆုံးနေတာလို့ သိရပါတယ်။
“ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရပါဘူး။ သေဆုံးသူက အရက်ကြောင်ကြောင်ပြီး တစ်ခါတလေ ကျေးရွာထဲသို့ပတ်ပြေးတာတွေ လုပ်တတ်တယ်လို့ သူ့မိသားစုက ပြောပြတယ်။ အိမ်ထောင်မရှိတဲ့လူလွတ်ပါ။ အကိုမိသားစုနဲ့ အတူနေပြီး တောင်သူတွေပါပဲ။ ညကတည်းက အိမ်ပြန်မလာလို့ အကိုဖြစ်သူကလိုက်ရှာရင်း ငှက်ပျောခင်းနဲ့ အကွက်နီးချင်းက တစ်ဦးက အလောင်းကို စတွေ့ပြီး သူတို့ကို အကြောင်းကြားလာတာ”လို့ ကရုဏာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ရုပ်အလောင်းကို နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံဆီ ပို့အပ်စစ်ဆေးပြီး သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဓာတ်ပုံ – ကရုဏာရှင်လူမှုကူညီရေးအသင်း