October 6, 2024

၉. ၁၁. ၂၀၂၃
Written by Pan Ei

အစ္စရေးက ဟားမားစ်တွေရှိတဲ့ ဂါဇာမြို့တစ်ဝိုက်ကို တင်းကျပ်ထားပြီး အပစ်အခတ်ရပ်စဲရေးကို ထပ်မံငြင်းဆိုခဲ့သလို ပြင်းထန်တဲ့ မြေပြင်နဲ့ လေကြောင်း စစ်ဆင် ရေးတွေကြောင့် သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၈ ရက်) က မိုင်ပေါင်းများစွာကို ခြေကျင်ထွက်ပြေးခဲ့ကြရပါတယ်။

ဟားမားစ်တို့ အစ္စရေးကို စတင်တိုက်ခတ်ပြီး တစ်လကျော်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေသေးတဲ့ ဂါဇာမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကပါ ဂါဇာရဲ့ တောင် – မြောက် အဝေးပြေးလမ်းမကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ Salah Eddin လမ်းကနေ လူတွေအစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြတာပါ။

This image has an empty alt attribute; its file name is photo_2023-11-09_13-51-29.jpg

အင်္ဂါနေ့မှာ လူ ၂၀၀၀ လောက် တောင်ဘက်ကို ထွက်ပြေးခဲ့ပြီး ထွက်ပြေးသူ ၁၅၀၀၀ လောက်အထိ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ အလားတူ ဗုဒ္ဓဟူးနေ့မှာလည်း ဂါဇာမြောက်ပိုင်းကနေ ဂါဇာတောင်ပိုင်းကို လူ ၅၀,၀၀၀ လောက် ရွှေ့ပြောင်းနေတာကို တွေ့ခဲ့တယ်လို့ အစ္စရေးအစိုးရက ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုက ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်ဆိုင်းပေးဖို့ တောင်းဆိုမှုတွေကို လုံးဝမလိုက်လျောနိုင်ဘူးလို့ ထပ်မံငြင်းဆိုခဲ့ပြီး ဂါဇာမြို့ကို ဝိုင်းထားကာ ဟားမားစ်တွေကို ချေမှုန်းရေး စတင်မယ်လို့လည်း ကြေညာထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_13-51-32.jpg

ဟားမားစ်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ကို မဆုတ်မနစ် ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ကျူးကျော်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပြီး ဟားမားစ်အဖွဲ့တာဝန်ရှိသူတွေက ဂါဇာမှာ လူပေါင်း ၁၀,၅၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်းနဲ့ သေဆုံးသူအများစုဟာ ကလေးတွေ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ စစ်ပွဲအတွင်း အစ္စရေးမှာလည်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ကာ အများစုမှာ အရပ်သားတွေဖြစ်ပြီး ဟားမားစ်နဲ့ တခြားစစ်သွေးကြွအုပ်စုတွေက ဖမ်းဆီးထားတဲ့ ဓားစာခံအရေအတွက်က စုစုပေါင်း ၂၃၉ ဦးရှိတယ်လို့ သိရပါတယ်။

Ref; AFP, CNN

Leave a Reply

Your email address will not be published. Required fields are marked *