October 6, 2024

၉. ၁၁. ၂၀၂၃
Written by Nay Moe

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့်ကျေးရွာမှာ နေထိုင်တဲ့ ဒေသခံစိုင်းမောဝ်အွန်ကို TNLA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မူဆယ်မြို့နယ်မှူးတပ်ဖွဲ့က TNLA ထံ အကျိုးအကြောင်းသိရှိဖို့ သွားရောက်မေးမြန်းရာမှာ TNLA ဘက်က စတင်ဝိုင်း ဝန်းပစ်ခတ်တာကြောင့် ရွာအတွင်း အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုရှိခဲ့သလို မြို့နယ်မှူးအပါအဝင် SSPP စစ်သုံ့ပန်း ၂ ယောက်ကိုလည်း TNLA ပစ်သတ်ခဲ့တယ်လို့ SSPP က ပြောပါတယ်။

ဖြစ်စဥ်က နိုဝင်ဘာ ၇ ရက် မနက် ၉ နာရီ ၄၀ အချိန်မှာ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့် ကျေးရွာအတွင်း လုပ်ရှားတဲ့ TNLA တပ်ဖွဲ့က စယ်လန့်ကျေးရွာသား စိုင်းမောဝ်အွန်ကို ဖမ်းဆီးသွားလို့ SSPP/SSA ဘက်က အုပ်ချုပ်ရေးတာဝန်ခံမူဆယ်မြို့နယ်မှူးဦးဆောင်တဲ့ တပ်သား(၇) ဦးက စယ်လန့်ကျေးရွာအတွင်းလုပ်ရှားတဲ့ TNLA ကို အကျိုးအကြောင်းသွားရောက်မေးမြန်းရာမှာ TNLA က စစ်အင်အား ၁၀၀ ဝန်းကျင်နဲ့ SSPP/SSA တပ်ဖွဲ့ကို ဝိုင်းဝန်းပိတ်ဆို့ပြီး စတင်ပစ်ခတ်တာကြောင့် နေ့လည် ၁၂ နာရီအချိန်ထိ စယ်လန့်ကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သာလွန်အင်အားနဲ့ ဝိုင်းရံထားတဲ့ TNLA တပ်ကြား သတ်ကွင်းထဲ နောက်ကျန်နေခဲ့တဲ့ SSPP မြို့နယ်မှူးနဲ့ ရဲဘော်တို့ ၂ ယောက်ဟာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံလိုက်ရပေမယ့် ရွာလယ်ခေါင်မှာ အရှင်လတ်လတ်ပစ်သတ်ခံခဲ့ရတယ်လို့ SSPPS/ SSA က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_13-19-13-1024x768.jpg

မြို့နယ်မှူးကို စစ်သုံ့ပန်းအဖြစ် အဖမ်းခံရချိန် SSPP/SSA ဒုစစ်ဦးချုပ် စဝ်ငေါဝ်းဖကို Wechat က လှမ်းတင်ပြခဲ့လို့ စဝ်ငေါဝ်းဖက လူကိုဖမ်းဆီးထားပေမဲ့ လူသားချင်းစာနာမှုအနေနဲ့ အသက်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ မေတ္တာရပ်ခံကြောင်း သူ့​ရဲ့အသံကို တဖက်လူ ကြီးထံ ဖွင့်ပြဖို့ ပြောလိုက်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ပြဿနာပိုမကြီးထွားဖို့ စဝ်ငေါဝ်းဖက TNLA စစ်ဦးချုပ် တားဟိုပရန်ထံ နှစ်ဖက်တပ်ဗဟိုလူကြီးတွေ ဝိုင်းဝန်းထိန်းသိမ်းသွားကြဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့လည်း တားဟိုပရန်က အပြတ်ချေမှုန်းသွားဖို့ အမိန့်ချပြီးဖြစ်တယ်ပြောပြီး ဆက်သွယ်မှု ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။

အခြားတဖက်မှာလည်း SSPP ဆက်ဆံရေးတာဝန်ရှိသူတွေက နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဖြေရှင်းဖို့ အခြား TNLAခေါင်းဆောင်တွေကို ကြိုးစားချိတ်ဆက်ပေမဲ့ သူတို့မှာ တားဆီးနိုင်တဲ့ အခြေအနေမရှိဘဲတိုက်ရိုက်ညွှန်ကြားသူသာ တာဝန်ရှိတယ်လို့ ပြန်ကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_13-19-15-1024x768.jpg

နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က ၅ ဦးထက်မနည်း သေဆုံးပြီး SSPP/SSA ဘက်က တစ်ဦးသေဆုံးသလို မြို့နယ်မှူးအဆင့်ရှိသူတစ်ဦးနဲ့ တပ်သားတစ်ဦးကို TNLA ဘက်က အရှင်ဖမ်းဆီးပစ်သတ်ကာ အခြား ရဲဘော်တွေလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု မန်ပန်ကျေးရွာဘက် လှုပ်ရှားတဲ့ SSPP/SSA စစ်ကြောင်းကို TNLA က သာလွန်အင်အားနဲ့ အပြတ်ချေမှုန်းဖို့ ကြိုတင်ပြင်ဆင်ပြီး ပိတ်ညှပ်ပစ်ခတ်တဲ့အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ် ပွားခဲ့ဖူးပြီး အခုတစ်ခါနဲ့ဆို TNLA ဟာ SSPP/SSA တပ်ဖွဲ့ကို ချေမှုန်းရေးတိုက်ပွဲဆင်နွဲခဲ့တာ နှစ်ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပုံစာ။ TNLA ပစ်သတ်သည့် SSPP တပ်ဖွဲ့ဝင်များအတွက် ဆုတောင်းနေစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *