October 6, 2024

၉. ၁၁. ၂၀၂၃
Written by Ye Kyaw

တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်နားထားရသည့် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ပို့ကုန်၊ သွင်းကုန် လိုင်စင်ခွင့်ပြုချက်ရရှိထားသည့် ကုန်ပစ္စည်းများကို မြန်မာ-တရုတ်နှင့် မြန်မာ-ထိုင်း နယ်စပ်များရှိ မည်သည့်ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲခွင့်ပြုပေးခြင်းနှင့် ပင်လယ်ရေကြောင်းမှလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

လက်တလောအခြေအနေများအရ မြန်မာ-တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့၊ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှတင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိပြီးသောပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အလားတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီဝန်းကျင်မှစတင်၍ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံနှင့် သိန္နီ ဒေသများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် လားရှိုးမြို့နယ်မှစ၍ မြန်မာ-တရုတ်နယ်စပ် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ထားရပြီး ချင်းရွှေဟော်မြို့တွင်း၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းရွှေဟော်မြို့တွင်းသို့လည်း ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ချင်းရွှေ‌ဟော်နယ်စပ် ကုန်သွယ်ရေးစခန်းအပြင် အခြားသော မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း အကုန်လုံးနီးပါးရပ်ဆိုင်းခဲ့ပြီး ဖုန်းလိုင်းများနှင့် လျှပ်စစ်မီးများပါ ပြတ်တောက်ခဲ့သည်။ ယင်းနေ့မှစ၍ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ဝန်ထမ်းများအလုပ်မဆင်းနိုင်ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းထားကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *