October 5, 2024

၈. ၁၁. ၂၀၂၃
Written by Ye Kyaw

တရုတ်နိုင်ငံ POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သုံးခုအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသုံးခုသည် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တည်ရှိပြီး ဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခုလျှင် စက်တပ်ဆင်အင်အား ၃၀ မဂ္ဂါဝပ်စီရှိသဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အားမှာ ၉၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့ တက်ရောက်ခဲ့ပြီး တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်” ကို ကူညီပေးဖြေရှင်းပေးရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်းနှင့် တတိယအကြိမ် “Belt and Road” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *