၈. ၁၁. ၂၀၂၃
Written by Pan Ei
လူအသေအပျောက်များခဲ့တဲ့ အပူလှိုင်းတွေ၊ ရေကြီးတာတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေများစွာ ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ စံချိန်တင် ကမ္ဘာ့အပူဆုံးနှစ်ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ဒေတာအသစ်က ဖော်ပြထားပါတယ်။
ဥရောပရဲ့ ကမ္ဘာမြေစောင့်ကြည့်ရေးအေဂျင်စီက ထုတ်ပြန်တဲ့ ဒေတာမှာ ၂၀၂၃ ခုနှစ်ရဲ့ကမ္ဘာ့အပူချိန်ဟာ သမိုင်းမှာ မှတ်တမ်းတင်ထားတာတွေထက် ပိုမိုမြင့်မားကြောင်းကိုပြသနေပြီး အောက်တိုဘာလက ကမ္ဘာ့ပျမ်းမျှလေထုအပူချိန်ဟာ အရင်အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလက အပူချိန်ထက် ၀ ဒသမ ၇၂ ဒီဂရီဖာရင်ဟိုက် ပိုများနေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဟာလည်း နှစ်ပေါင်း ၁၂၀,၀၀၀ အတွင်း အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဲ့ဒီလရဲ့ပျမ်းမျှ အမြင့်ဆုံး အပူချိန်ဟာ အရင်စံချိန်တင်ထားတဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လထက် ၀ ဒသမ ၅ ဒီဂရီဖာရင်ဟိုက် ပိုပူခဲ့တာပါ။ ဒါ့အပြင် ဩဂုတ်လဟာလည်း စံချိန်တင်အပူဆုံးဩဂုတ်လဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း ပျမ်းမျှလေထုအပူချိန်ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ထက် ၀ ဒသမ ၁၈ ဒီဂရီ ဖာရင်ဟိုက် ပိုများနေကာ စံချိန်တင်အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။
အခုနှစ်မှာ အပူဆုံးအဖြစ် မှတ်တမ်းတင်ခံရခြင်းမှာ အခုထိ ရှောင်လွှဲလို့ မရနိုင်လောက်အောင် ဖြစ်နေပြီး ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးနှစ်လဟာလည်း အပူဆုံးဖြစ်နေတဲ့ လမ်းကြောင်းကနေ ပြောင်းသွားနိုင်တဲ့ အလားအလာ အလွန်နည်းပါးပြီး ကမ္ဘာတဝှမ်းလုံးမှာ အပူချိန်မြင့်မားမှုဟာ နိုဝင်ဘာလအထိ ဆက်လက်ရှိနေဦးမယ်လို့ သိရပါတယ်။
ဒါ့အပြင် လွန်ကဲတဲ့ကမ္ဘာ့အပူချိန်ဟာ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ဖြစ်နေနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပြီး ကမ္ဘာ့နေရာအနှံ့မှာ စံချိန်တင်အပူချိန်တွေ မြင့်မားနေတာနဲ့အမျှ လာမယ့်လတွေအတွင်း ပြင်းထန်တဲ့ ဖြစ်ရပ်တွေ ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေပြီး ဩစတြေးလျမှာလည်း တောမီးအန္တရာယ် ပိုများလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။
Ref; Fox Weather