October 19, 2024

စစ်တွေဆိပ်ကမ်းသို့ ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်နေမှုကို တွေ့ရစဉ် (Photo-RSCCI)

၈. ၁၁. ၂၀၂၃
Written by Ye Kyaw

စစ်တွေဆိပ်ကမ်းအသစ်၌ ဆိုက်ကပ်ရာတွင် စရိတ်ကြီးမြင့်သဖြင့် မျှော်မှန်းသလောက် ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ မဆိုက်ကပ်နိုင်သေးသဖြင့် ကုန်သည်များ၊ သင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းတာဝန်ရှိသူများ ပြန်လည်ညှိနှိုင်းပြီး ပိုမိုဆိုက်ကပ်နိုင်အောင် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွားသင်္ဘောများအသင်းမှ သိရသည်။

“ကပ်ဖို့စီစဉ်နေကြတာလည်းရှိပါတယ်။ အဲဒီမှာက စရိတ်လေးနည်းနည်းကွာနေလို့ မကပ်ကြသေးတာပါ။ စရိတ်ကွာတယ်ဆိုတာကလည်း ဆိပ်ကမ်း Facility ကွာသွားတယ်။ သူတို့က ဝန်ဆောင်မှုလည်း ပိုကောင်းတယ်။ မြန်ဆန်မှုလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသမှာကြတော့ ဒီဝန်ဆောင်မှုရဲ့ ကုန်ကျစရိတ်ကို ပေးနိုင်ဖို့မှာတော့ ဒီအပေါ်မှာ ကုန်သည်နဲ့ရော သင်္ဘောသမားတွေနဲ့ရော၊ ဆိပ်ကမ်းရော ပြန်လည်ညှိနှိုင်းနေကြပါတယ်။ အဲဒါကြောင့် ထင်သလောက် များများမကပ်ကြသေးတာပါ။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ ညှိနှိုင်းနေတယ်။ ရှေ့မှာဆိုရင် ဒီထပ်ပိုဆိုက်ကပ်လာနိုင်မယ်လို့ မှန်းထားပါတယ်” ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွားသင်္ဘောများအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေဆိပ်ကမ်းအသစ်၌ ပြည်တွင်းကမ်းရိုးတမ်းသင်္ဘောများ စတင်ဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စက်တင်ဘာ ၂၀ တွင် အသိပေးခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ စစ်တွေဆိပ်ကမ်းအသစ်သို့ ကမ်းရိုးတန်းသင်္ဘော ၃ စီးသာ ဆိုက်ကပ်နိုင်သေးပြီး ကုန်မျိုးစုံနှင့် ဘိလပ်မြေ သင်္ဘောများအဓိက ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

စစ်တွေဆိပ်ကမ်းတွင် ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်ရာ၌ ကုန်ကျစရိတ်သည် အခြားသော ဆိပ်ကမ်းများထက် ကုန်ကျစရိတ် ရာခိုင်နှုန်း ၄၀ ဝန်းကျင် ပို၍များနေပြီး လက်ရှိတွင် ကယ်ဆယ်ရေးသင်္ဘောများ ဆိုက်ကပ်နေမှုကြောင့် အဆိုပါသင်္ဘောများကို ဦးစားပေးဆောင် ရွက်ပြီးမှ ပုဂ္ဂလိကကမ်းရိုးတန်းသင်္ဘောများ ဆိပ်ကမ်းသို့ ဝင်နေရသည့်အတွက် သင်္ဘောဝင်ရောက်မှု နည်းနေခြင်းဖြစ်ကြောင်း သိရသည်။

“အခြားမှာ သိန်း ၁၀၀ ကုန်တယ်ဆိုရင် စစ်တွေဆိပ်ကမ်းမှာက သိန်း ၁၄၀ လောက်ကုန်တယ်။ ၄၀ ရာခိုင်နှုန်းလောက် ပိုကုန်တယ်။ ကုန်သွားရတဲ့ အကြောင်းကလည်းရှိပါတယ်။ ကရိန်းကြီးတွေသုံးတယ်။ အဲဒါကြောင့် မြန်ဆန်သွားတာပေါ့လေ။ မြန်ဆန်မှုကတော့ အရင်က ကုန်တင်ကုန်ချ ၆ ရက်ဆို အခု ၃ ရက်ပဲ။ မြန်ဆန်မှုနဲ့ စရိတ်နဲ့ကြားမှာ ကုန်သည်နဲ့ သင်္ဘောသမားတွေက ညှိနှိုင်းနေကြရသေးတာပေါ့” ဟု ၎င်းက ပြောသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။ ပြီးခဲ့သည့် မေလ ၄ ရက်တွင် အိန္ဒိယကုန်တင်သင်္ဘော စတင်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *