October 19, 2024

၈. ၁၁. ၂၀၂၃
Written by Pan Ei

ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗယ်လာရီဇလူရှနီရဲ့ လက်ထောက်ဖြစ်တဲ့ ဗိုလ်မှူး ဂန်နာဒီ ချစတိကော့ဗ်ဟာ သူ့မွေးနေ့မှာ သူ့လုပ်ဖော်ကိုင်ဘက်တစ်ယောက်ဆီက မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ လက်ပစ်ဗုံးကို မဆင်မခြင်ကိုင်တွယ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂန်နာဒီ ချစတိကော့ဗ်ဟာ သူမွေးနေ့ဖြစ်တဲ့ တနင်္လာနေ့ (နိုဝင်ဘာ ၆ ရက်) က လုပ်ဖော်ကိုင်ဘက်တွေပေးတဲ့ လက်ဆောင်ပစ္စည်းတွေနဲ့အတူ တိုက်ခန်းကိုပြန်လာခဲ့ပြီး အိမ်မှာ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူနဲ့ လက်ဆောင်ပစ္စည်းတွေကိုဖောက်ကြည့်နေချိန်မှာ လက်ဆောင်တွေထဲမှာပါတဲ့ လက်ပစ်ဗုံးအရှင်တစ်လုံးကို သားဖြစ်သူကကိုင်ချိန် ဂန်နာဒီ ချစတိကော့ဗ်က လက်ပစ်ဗုံးကို ဆွဲယူလိုက်ရာမှာ ကွင်းပြုတ်သွားခဲ့ပြီး ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ကာ ချစတိကော့ဗ်လည်း နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူကလည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ Kyiv ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_10-59-32.jpg

ယူကရိန်းစစ်တပ်အကြီးအကဲ ဗယ်လာရီဇလူရှနီ က “လက်ထောက်လည်းဖြစ် ရင်းလည်းရင်းနှီးတဲ့ မိတ်ဆွေဟာ ဝမ်းနည်းဖွယ်အခြေအနေအောက်မှာ သေဆုံးသွားပါတယ်” လို့ Telegram မှာ ရေးသားခဲ့ပြီး ချစတိကော့ဗ်ရဲ့တိုက်ခန်းအတွင်း မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးငါးလုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောကြားခဲ့ပါတယ်။

ချစတိကော့ဗ်ကို လက်ဆောင်ပေးခဲ့တဲ့ “စစ်မှုထမ်းဖော်” ကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပြီး နာမည်ကိုတော့ ထုတ်ဖော်ပြောကြားတာမရှိခဲ့ဘဲ သူ့ရဲ့ရုံးခန်းကို ရှာဖွေရာမှာ အလားတူ လက်ပစ်ဗုံးနှစ်လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်မှုထမ်းဖော်ပေးခဲ့တဲ့ လက်ဆောင်ဟာ အရက်ပုလင်းတစ်လုံးနဲ့ လက်ပစ်ဗုံးခြောက်လုံးပါတဲ့ သေတ္တာဖြစ်ပြီး လက်ပစ်ဗုံးအရှင်တွေပါတယ်ဆိုတာကို ချစတိကော့ဗ်ကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_10-59-35.jpg

အဲ့ဒါကြောင့် ရာဇ၀တ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေ စတင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ၎င်းသေဆုံးမှုဟာ “မတော်တဆမှု” လို့သာ ယူဆကြောင်းကို “အခုရရှိထားတဲ့ အချက်အလက်တွေအရ ဒါဟာ မတော်တဆမှုတစ်ခုပါ။ ခဲယမ်းမီးကျောက်တွေကို ပေါ့ဆစွာကိုင်တွယ်ခြင်းလို့ ပြောနိုင်ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

သေဆုံးသွားခဲ့တဲ့ လက်ထောက်မှာ ဇနီးနဲ့ သားသမီး လေးဦးရှိပြီး သားဖြစ်သူက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အပြင် သမီးဖြစ်သူမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *