October 19, 2024

၈. ၁၁. ၂၀၂၃
Written by Tha Doe

အခုနောက်ပိုင်း Mobile Banking တွေ Pay တွေ သုံးစွဲမှုများပြားလာတာနဲ့အမျှ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေလည်း များပြားလာပေမဲ့ ဒီလိုမျိုးလိမ်လည်ခံရတာကို ဘဏ်တွေ ငွေကြေးအဖွဲ့အစည်းတွေက ရဲစခန်းလွှတ်၊ ရဲစခန်းက ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေပြန်လွှတ်ဖြစ်နေတာတွေအတွက် လက်ရှိမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် (၂၂/၂၀၂၃) နဲ့ ရဲစခန်းတွေ ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေ မဖြစ်မနေလုပ်ဆောင်ရမဲ့ စံလုပ်ငန်းဆိုင်ရာလမ်းညွှန်ချက် ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဗဟိုဘဏ်ညွှန်ကြားစာအရ မိုဘိုင်းငွေကြေးစာရင်းက ငွေကို နည်းအမျိုးမျိုးအသုံးပြုပြီး လိမ်လည်ရယူခံရမယ်ဆိုရင် လိမ်လည်ခံရသူဟာ သက်ဆိုင်ရာမိုဘိုင်းငွေရေးကြေး ရေးဝန်ဆောင်မှုပေးတဲ့ ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု ပေးတဲ့အဖွဲ့အစည်းရဲ့ စုံစမ်းမေးမြန်းတဲ့စင်တာ (Call Center)၊ တိုင်တန်းချက်လက်ခံတဲ့စင်တာ (Complaint Center) ကို ချက်ချင်းဆက်သွယ်အကြောင်းကြားပြီး လိုအပ်တဲ့အချက်အလက်တွေ၊ လိမ်လည်ခံရတဲ့ဖြစ်စဥ်တွေ ပြောကြားပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ သွားရောက်အမှုဖွင့်ရမှာဖြစ်ပါတယ်။

သက်ဆိုင်ရာနယ်မြေရဲစခန်းဟာ မိုဘိုင်းငွေကြေးစာရင်းကငွေများလိမ်လည်ခံရသူရဲ့ တိုင်တန်းချက်ကို လက်ခံရရှိပါက ချက်ချင်းအမှုဖွင့်လှစ်ဆောင်ရွက်ပေးရမှာဖြစ်ပြီး အမှုဖွင့်လှစ်တဲ့ နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးတာနဲ့ ချက်ချင်းဖုန်းနဲ့ဖြစ်စေ၊ ဖက်စ် (fax) နဲ့ဖြစ်စေ၊ အီးမေးလ် (e-mail) နဲ့ဖြစ်စေ သက်ဆိုင်ရာဘဏ်နဲ့ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းကို ငွေလိမ်ခံရမှုတိုင်ကြားလာလို့ အမှုဖွင့်လှစ်ထားတယ်ဆိုတာကို အကြောင်းကြားရမှာဖြစ်ပါတယ်။

ဒီလိုမျိုး ရဲစခန်းက အကြောင်းကြားလာချိန်မှာ သက်ဆိုင်ရာဘဏ်နဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းက စုံစမ်းမေးမြန်းတဲ့ Call Center)၊ တိုင်တန်းချက်လက်ခံတဲ့ Complaint Center) ဟာလိမ်လည်ခံရသူရဲ့ ဆက်သွယ်အကြောင်းကြားချက်နဲ့ လိမ်လည်ခံရသူရဲ့ အချက်အလက်၊ စာရင်းပိုင်ရှင် မှန် မမှန်၊ တိုင်ကြားချက်နဲ့ ပေးပို့တဲ့အချက်အလက် မှန်ကန်မှု ရှိ မရှိ စစ်ဆေးရပါမယ်။ စစ်ဆေးပြီးမှန်ကန်တယ်ဆို သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်တဲ့ဌာနကို ချက်ချင်းအကြောင်းကြားရပါမယ်။

အဲဒီလိုမျိုး တိုင်ကြားသူရဲ့ သတင်းပေးပို့ချက် မှန်ကန်ခြင်း ရှိ မရှိ၊ လိမ်လည်သူလို့ သံသယဖြစ်ဖွယ် ပေါ်ပေါက်ခြင်း ရှိ မရှိနဲ့ လိမ်လည်သူနဲ့ ဆက်နွှယ်သူလို့ သံသယဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်ခြင်း ရှိမရှိတို့ကို စစ်ဆေးပြီး မှန်ကန်တယ်ဆို တိုင်ကြားသူ၊ လိမ်လည်တယ်လို့ သံသယရှိသူနဲ့ဆက်နွှယ်တဲ့ သူတွေရဲ့ငွေစာရင်းတွေကို ချက်ချင်းယာယီတားဆီးရမှာဖြစ်ပြီး ယာယီတားဆီးတာကို ဘဏ်တွေ ငွေကြေးဝန်ဆောင်မှုပေးသူတွေက ၇၂ နာရီကြာထိန်းသိမ်းထားရမှာဖြစ်ပါတယ်။

ဒါ့အပြင် လိမ်လည်သူလို့ သံသယရှိသူနဲ့ ဆက်နွှယ်သူတွေ၊ ဆက်သွယ်ဆောင်ရွက်သူတွေကို ကောင်းစွာသိရှိမှု (Know Your Customer-KYC) အချက်အလက်ကို သက်ဆိုင်ရာအမှုဖွင့်လှစ်ထားတဲ့ စိစစ်နေတဲ့ ရဲ၊ ဌာနဆိုင်ရာအဖွဲ့အစည်းကို ဆက်သွယ်ပေးပို့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ငွေစာရင်းယာယီတားဆီးပြီးရင် အဲဒီငွေစာရင်းဆိုင်ရာ အချက်အလက်တွေ၊ အဲဒီငွေစာရင်းတွေရဲ့ လွှဲပြောင်းဆောင်ရွက်မှုတွေကို ဗဟိုဘဏ်နဲ့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့ကို သံသယဖြစ်ဖွယ် လွှဲပြောင်းဆောင်ရွက်မှုအဖြစ် ၂၄ နာရီအတွင်း သတင်းပေးပို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်တွေဟာ လိမ်လည်ခံရသူက ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းက အကြောင်းကြားချက် လက်ခံရရှိတယ်ဆိုရင် ငွေစာရင်းယာယီတားဆီးထားတဲ့ ၇၂ နာရီ နောက်ပိုင်းကစ အမှုရဲ့ စုံစမ်းစစ်ဆေး ပေါ်ပေါက်ချက်၊ ထပ်မံသိရှိရတဲ့ အချက်အလက်အပေါ်မူတည်ပြီး လိုအပ်ရင် အမှုပြီးပြတ်တဲ့အထိ ဆက်လက်ဆောင်ရွက်ရဖို့၊ လိမ်လည်ခံရသူကရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သက်ဆိုင်ရာရဲစခန်းက အကြောင်းကြားမလာရင် ယာယီတားဆီးတဲ့ ငွေစာရင်းတွေကို ၇၂ နာရီ နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးဖို့၊ လိမ်လည်သူလို့ သံသယရှိသူနဲ့ ဆက်နွှယ်သူတို့ရဲ့ ငွေစာရင်းတွေကို ယာယီတားဆီးရာမှာ လိမ်လည်မှုနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ငွေကြေးလွှဲပြောင်းပေးချေမှုနဲ့ စပ်လျဉ်းပြီး ငွေစာရင်းယာယီတားဆီးခံရသူက ငွေစာရင်း ပြန်ဖွင့်လှစ်ပေးဖို့ အထောက်အထားနဲ့ တင်ပြလာရင် ဘဏ်နဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းဟာ အမှုစုံစမ်းစစ်ဆေးနေတဲ့ ရဲစခန်း ဒါမှမဟုတ် ရဲတပ်ဖွဲ့ရဲ့ သဘောထားမှတ်ချက်တောင်းခံပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တင်ပြဆောင်ရွက်ဖို့ ဗဟိုဘဏ်နဲ့ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့က သတင်းအချက်အလက် ထပ်မံတောင်းခံလာရင် ချက်ချင်းပံ့ပိုးဖို့ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒီအချက်အလက်တွေပေါ်မူတည်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့ဟာ ငွေကြေးလိမ်လည်သူတွေကို ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူတာ၊ ငွေစာရင်းပိုင်ရှင်တွေရဲ့ သတင်းအချက်အလက်တွေ၊ ငွေစာရင်း မှတ်တမ်းတွေရယူတာနဲ့ ငွေစာရင်းယာယီတားဆီးတာကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *