October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nay Moe

ခရိုင်အဆင့် ကောလင်းမြို့သိမ်းအပြီးမှာ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သိမ်းမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ပြုလုပ်တဲ့ NUG ရဲ့ ၃၅ / ၂၀၂၃ အစည်းအဝေးမှာ ပြောပါတယ်။

“ကောလင်းမြို့သိမ်း တိုက်ပွဲလိုပဲ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်း စစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘောတရားလို ဆင့်ကာဆင့်ကာနဲ့ ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဒူဝါလရှီးလက ပြောပါတယ်။

MNDAA ၊ AA နဲ့ TNLA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မန္တလေး PDF က ဝင်ရောက်တိုက်ခိုက်နေသလို NUG ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်း စစ်ဆင်ရေးတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့လည်း ဒူဝါလရှီးလက ​ပြောပါတယ်။ ဒီလို ထိုးစစ်ဆင်နေချိန်မှာ NUG နဲ့ PDF တွေ ကပ်မှီနေရတဲ့ တိုင်းရင်းသားဌာနချုပ်တွေကို တပ်ဘက်က ထိုးစစ်ဆင်တာမလုပ်နိုင်ရေးကာကွယ်ဖို့လိုအပ်နေတယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။

“SAC ဟာ သူအထိနာလေလေ၊ ဗဟိုဌာနချုပ်တွေကို ပစ်မှတ်ထားပြီး အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ လုပ်လေလေ ဖြစ်လာတာတွေ့ရပါတယ်။ စစ်ရေးမှာ ဘယ်အရာမှ သေးဖွဲသည်ရယ်လို့ မရှိပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗဟိုဌာနချုပ်တွေကို SAC ရဲ့ ထိုးစစ်ရောက်မလာအောင် နည်းပေါင်းစုံနဲ့ ကာကွယ်လုပ်ဆောင်ကြဖို့ လိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ကြီးတွေရဲ့ အင်အားဟာ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အင်အားနဲ့ ထပ်တူဖြစ်ကြောင်း ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်မှုနဲ့ ခွန်စိုက်အားစိုက်မှုကို မြူမှုန်မျှလောက် တောင် မလျော့ပါးစေဖို့ တိုက်တွန်းချင်ပါတယ်”လို့လည်း ဒူဝါလရှီးလက သတိပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *