October 19, 2024

၇. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော ဟားမားစ် တို့က ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သူများတွင်ပါဝင်သည့် အစ္စရေးပြည်သူတို့၏ မိသားစုဝင်များက ဟားမားစ်တို့ဘက်က ဓားစာခံအဖြစ်ဖမ်းဆီးထားသူများအား ပြန်လွှတ်မပေးဘဲနှင့် ဂါဇာသို့ လူသားချင်းစာနာမှုအထောက်အပံ့များပေးရေးအတွက် အပစ်အခတ်ရပ်ဆိုင်းမှုကို သဘောတူပေးခြင်းမပြုရန် အစ္စရေးအစိုးရအား နိုဝင်ဘာ ၆ ရက်က တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်တွင်မူ အစ္စရေးနိုင်ငံ၊ နက်ဆက်မြို့၌ ဟားမားစ်တို့ ဖမ်းဆီးသွားသူများ၏ မိသားစုဝင်များပါဝင်သည့်လူအုပ်ကြီးက ၎င်းတို့၏ ရက် ၃၀ ကြာဖမ်းဆီးခြင်းခံထားရသော မိသားစုဝင်များ၊ သူငယ်ချင်းများကို ပြန်လွှတ်ပေးရန် ဆန္ဒပြချီတက်ခဲ့ကြသည်။ အလားတူ ဂျေရုဆလင်မြို့၌လည်း ဖမ်းဆီးခံထားရသည့် ဓားစာခံများကိုသတိရကြောင်းနှင့် ၎င်းတို့ကိုပြန်လွှတ်ပေးရန်အတွက် လူထုဆန္ဒပြချီတက်ပွဲ လုပ်ခဲ့ကြသေးကြောင်း သတင်းများက ဆိုသည်။

သို့ရာတွင် အဆိုပါ ဓားစာခံများအဖြစ်ဖမ်းဆီးခံထားရသူ မိသားစုများတွင် တူညီသောစိုးရိမ်ချက်တစ်ခု ရှိနေသည်ကိုလည်း တွေ့ရသည်။ ၎င်းမှာ အစ္စရေးအစိုးရက နိုင်ငံတကာ တောင်းဆိုမှုများကို လိုက်လျောကာ ဂါဇာသို့ လူသားချင်းစာနာထောက်ပံ့သည့် အကူအညီများပို့ရန် အပစ်အခတ်ရပ်စဲရေးကို ဓားစာခံများပြန်လွှတ်ခြင်းမရှိဘဲ လိုက်လျောခဲ့မည်ကိုပင်ဖြစ်သည်။

ဆန္ဒပြချီတက်ခဲ့သူတစ်ဦးက“အခုဆိုကျွန်တော်တို့ အားလုံးမှာ ဖမ်းဆီးခံထားရသူတွေအတွက် စိုးရိမ်ပူပန် ရမှုက အသက်ရှုရကျပ်တဲ့ထိ ခံစားနေရတယ်။ နိုင်ငံရေး သမားတွေအနေနဲ့လည်း ဓားစာခံတွေပြန်လွတ်ဖို့အတွက် အလားတူခံစားပေးသင့်တယ်” ဟု ပြောခဲ့သည်။

Ref- The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *