October 23, 2024

၁၇. ၁၁. ၂၀၂၂

Written by Nay Moe

NLD အစိုးရဟောင်းလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ဦးတီခွန်မြတ်မှာ SAC က ပေးအပ်ချီးမြှင့်သည့် သီရိပျံချီဘွဲ့ ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအမိန့်စာတွင် ဖော်ပြထားမှုအရ သိရသည်။

SAC လက်ထက်တွင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ်သည် လက်ရှိအချိန်အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရုံးတက်နေကြောင်းလည်း သတင်းမီဒီယာများသို့ SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။

ဦးတီခွန်မြတ်သည် အလုပ်သင်ရှေ့နေဘဝမှ ရှေ့နေချုပ်ရုံးညွှန်ကြားရေးမှူးဖြစ်လာကာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် အဖွဲ့ဝင်အထိပါဝင်ခဲ့သည်။ ထို့အတူ တပ်မတော်အစိုးရလက်ထက်တွင် ကွတ်ခိုင်ပြည်သူ့စစ်ခေါင်းဆောင်လုပ်ခဲ့ပြီး USDP အမာခံအဖြစ်မှ NLD ပါတီဝင်များကြီးစိုးထားသော NLD အစိုးရလွှတ်တော်တွင် NLD ပါတီ၏ CEC ဦးထွန်းထွန်းဟိန်ကို အနိုင်ယူကာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သူဖြစ်သည်။

၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အဖြစ် SAC က ဂုဏ်ထူဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မဟာသရေစည်သူဘွဲ့ ရရှိခဲ့သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁၂ ဦးလည်း စည်သူဘွဲ့ရရှိခဲ့သည်။

ထို့အပြင် ကွယ်လွန်သွားပြီးဖြစ်သည့် ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဟံသာဝတီဦးအုန်းကြိုင်တို့လည်း စည်သူဘွဲ့ချီးမြှင့်ခံရပြီး သတင်းစာဆရာဦးခင်မောင်လေး(ဖိုးသောကြာ-ခေတ်+မိုး) မှာ သီရိပျံချီဘွဲ့ရရှိခဲ့သည်။ ထို့အတူ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ကာဒီနယ်ချာလ်းဘိုသည်လည်း သီရိပျံချီဘွဲ့ ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *