October 19, 2024

၇.၁၁.၂၀၂၃.
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်အတွင်းရှိ တာကိုမာဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော အစ္စရေးသို့ စစ်ရေးအထောက်အပံ့ပို့ဆောင်မည့် ကုန်သင်္ဘောသို့သွားရာလမ်းကို ပါလက်စတိုင်းထောက်ခံသူ ရာပေါင်းများစွာက နိုဝင်ဘာ ၆ ရက်တွင် ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲစီစဉ်သူများက ၎င်းတို့အနေနှင့် အစ္စရေး-ဟားမားစ်စစ်ပွဲကိုဆန့်ကျင်ကြောင်းပြောကြားကာ အဆိုပါ တာကိုမာဆိပ် ကမ်းတွင်ဆိုက်ကပ်ထားသော Cape Orlando ကုန်သင်္ဘောက အစ္စရေးသို့ပို့မည့် လက်နက်များတင်ဆောင်ရန်ဖြစ်ကြောင်းလည်း ပြောခဲ့ကြသည်။

အဆိုပါပြောကြားချက်များကို ချက်ချင်းအတည်မပြုနိုင်ခဲ့ကြသော်လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် အမေရိကန်လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဘရိုင်ယန်ဂျေ မက်ကာရီက အီးမေးလ်ကြေညာချက်တစ်ရပ်တွင် အဆိုပါသင်္ဘောက အမေရိကန်ရေတပ်၏ ပင်လယ်ရေကြောင်းတင်ပို့မှု စစ်တိုင်း၏ထိန်းချုပ်မှုအောက်တွင်ရှိကြောင်း‌ ဖော်ပြခဲ့သည်။

Cape Orlando သင်္ဘောက ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့တွင်လည်း နိုဝင်ဘာ ၃ ရက်က အလားတူ ဆန္ဒပြမှုများနှင့် ကြုံခဲ့ပြီး တာကိုမာဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်သည်။ နိုဝင်ဘာ ၆ ရက် မွန်းတည့်ချိန်တွင်မူ ဆန္ဒပြသမား ၂၀၀ ခန့်က ‘အစ္စရေးသို့ လုံးဝအထောက်အပံ့မပြုပါနှင့်’၊ ‘ပါလက်စတိုင်းအားလုံး ပြန်လွှတ်ပေးပါ’ စသော စာတန်းများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသမားတို့၏ရည်ရွယ်ချက်က Cape Orlando သင်္ဘောသို့ သွားမည့်လမ်းကို ပိတ်ဆို့ထားခြင်းဖြင့် ကုန်တင်ခြင်းမပြုနိုင်ရန်ဖြစ်သည်။

ရက် ၃၀ ကျော်ကြာလာပြီဖြစ်သော အစ္စရေး-ဟားမားစ်စစ်ပွဲတွင်လည်း ဂါဇာဒေသ၌ သေဆုံးသူ ၁၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး ၎င်းတို့တွင် ၄,၀၀၀ ခန့်က ကလေးငယ်များနှင့် အရွယ်မရောက်သေးသူများဖြစ်ကြောင်း သိရသည်။

Ref—–Arab News

Leave a Reply

Your email address will not be published. Required fields are marked *