October 19, 2024

၇.၁၁.၂၀၂၃
Written By Thandar

စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ ဝေဖန်ခံရတာတွေကြောင့် အလှမယ် ကျော်ကျော်အိန္ဒြာက Miss Grand Myanmar 2024 ပြိုင်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်တော့ဘူးလို့ နိုဝင်ဘာ ၅ ရက်က သူမရဲ့ Facebook ကတစ်ဆင့် ပရိသတ်သိအောင်ပြောလာခဲ့ပေမယ့် Miss Grand Myanmar 2024 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ ပြိုင်ပွဲမတိုင်ခင် ၂ လလောက်ကတည်းက ဒီဇိုင်နာတစ်ဦးက တာဝန်ယူပြီး အလှမယ် ကျော်ကျော်အိန္ဒြာအတွက် National Costume ချုပ်ပေးမယ်ဆိုကာ လက်ခံထားတာလည်းဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲတွေရဲ့ အဓိက အထင်ကရကို ပေါ်လွင်စေမယ့် ဝတ်စုံကို ပြိုင်ပွဲနီးကပ်တဲ့အချိန်မှ မချုပ်ပေးနိုင်တော့ဘူးလို့ ပြောလာတဲ့အတွက် စိတ်ထိခိုက်နေတယ်လို့လည်း ဦးလေးဖြစ်သူ ကျော်ကျော်နန္ဒက ပြောလာပါတယ်။

“ကလေးက စိတ်ဖိအား အရမ်းများတာကြောင့်လည်းပါတယ်။ အသက်ကလည်း ၁၇ နှစ်ပဲ ရှိသေးတယ်။ အသက်ငယ်သေးတာကြောင့်ရော နောက်ပြီး အရှေ့မှာပြိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာ သူ့ကို အင်္ဂလိပ်စကားပြောခိုင်းတဲ့အခါမှာ စိတ်လှုပ်ရှားပြီး မပြောနိုင်ခဲ့တဲ့ ဖြစ်ရပ်အပေါ်မှာလည်း ဝေဖန်ကြတာတွေရှိတယ်။ အမှန်တော့ အင်္ဂလိပ်စကားကို သူပြောနိုင်တယ်။ စိတ်လှုပ်ရှားသွားတဲ့အတွက်ကြောင့် မပြောနိုင်ဖြစ်သွားတာပါ။ ဒီအပေါ် မှာလည်း ဝေဖန်ထောက်ပြကြတော့ သူစိတ်ထိခိုက်တာလည်း ပါတယ်။ အဲဒါကြောင့် သူရေးတင်လိုက်တာပါ။ သူ စိတ်ဆန္ဒကတော့ သူအရမ်းပင်ပန်းနေပြီ။ သူမပြိုင်ချင်တော့ဘူး ဆိုပြီး ရေးတင်လိုက်တာပါ။ ဒါပေမယ့် သူစိတ်ဆန္ဒအတိုင်းထွက်ချင်ပေမယ့် ထွက်လို့မရတဲ့ အခိုက်အတန့်တွေရှိတယ်။ စာချုပ်တွေရှိတော့ ဆရာတွေကတော့ ပြိုင်ပွဲကို အပြီးထိဆက်ပြိုင်ရမယ်လို့ ပြောတယ်။ သူဆက်ပြိုင်ဖြစ်မှာပါ”လို့ ဦးလေးဖြစ်သူ အဆိုတော် ကျော်ကျော်နန္ဒက ပြောပါတယ်။

အလှမယ် ကျော်ကျော်အိန္ဒြာက ဒီဇင်ဘာလအတွင်းကျင်းပမယ့် Miss Grand Myanmar 2024 ပြိုင်ပွဲမှာ ပြင်ဦးလွင်မြို့ ကိုယ်စားပြုအလှမယ် Miss Grand Pyin Oo Lwin 2024 အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“National Costume ကို ဒီဇိုင်နာက ချုပ်ပေးမယ့်လို့ ပြိုင်ပွဲမတိုင်ခင် ၂ လလောက်ထဲက ပြောထားခဲ့တယ်။ ပြိုင်ပွဲနီးမှ အဲလိုပြောတော့ စိတ်မကောင်း တော်တော်ဖြစ်ရတယ်။ သူဖုန်းဆက်လာတော့ ရင်ထဲစို့တက်လာတယ်။ အဲဒါကြောင့် ဝမ်းနည်းလာတယ်။ ညီမက နယ်ကျောင်းကဆိုတော့ အင်္ဂလိပ် Speaking ပိုင်းအားနည်းတယ်။ ဒါနဲ့ပတ်သက်ပြီး အားနည်းတာကို ဝိုင်း Troll ကြလို့ စိတ်ဓာတ် အရမ်းကျခဲ့ရတယ်။ ဒီဝတ်စုံကိစ္စပါ ပေါ် လာတော့ ပိုဝမ်းနည်းရတယ်။ မပြိုင်တော့ဘူးလို့ တင်လိုက်တာပါ။ ပွဲနီးမှ ဒါလေးမလုပ်ပေးဖြစ်တော့ဘူး ပြောတော့ လုပ်ရက်လိုက်တာပေါ့။ တခြားဒီဇိုင်နာတွေလာပြီး ညီမဘာတွေလိုအပ်လည်း လာမေးကြတယ်။ Fan တချို့ကလည်း ပြန်ဝန်းရံကြ။ ကူညီပေးကြပါတယ် ဆက်ပြိုင်သွားမှာပါ။ အကောင်းဆုံး ရှေ့ဆက်ရမယ်”လို့ Miss Grand Pyin Oo Lwin အလှမယ် ကျော်ကျော်အိန္ဒြာက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *