October 19, 2024

SAC ဥက္ကဋ္ဌ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်စစ်ဆေးခဲ့မှုကို တွေ့ရစဉ်

◾ လုပ်ငန်းမဆောင်ရွက်နိုင်သေးသူများကိုလည်း ညှိနှိုင်းပေးမှုများအပြင် ချေးငွေများ ဆောင်ရွက်ပေးနေဟု ဆို

၇. ၁၁. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ညောင်နှစ်ပင် စိုက် ပျိုးမွေးမြူရေးဇုန်အတွင်း လုပ်ပိုင်ခွင့်ရရှိထားသူများနှင့် လက်လွှဲရယူထားသူများ လုပ်ပိုင်ခွင့်ကို ပြန်လည်စိစစ်ပြီးနောက် လုပ်ငန်းများ မဖြစ်မနေဆောင်ရွက်လာသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်လာသည့်အပြင် ထပ်မံတိုးလာမည့် အလားအလာများလည်းရှိနေကြောင်း ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကော်မတီမှ သိရသည်။

“အရင်တုန်းကထက် ပိုပြီးတော့ တိုးတက်လာတယ်။ ခုကျွန်တော်တို့ စာရင်းကောက်နေတယ်။ နေ့တိုင်းကောက်တာ ဟင်းသီး၊ ဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥတို့ကို စာရင်းကောက်နေတယ်။ အရင်တုန်းက ကားအစီးရေ ၃၀ ဆိုရင် အခုဆိုရင် ၄၅ စီး၊ အစီး ၅၀ လောက် ထွက်နိုင်တယ်။ ရှေ့ဆိုရင် ပိုတက်လာနိုင်မယ်။ နောက်တစ်ချက်က လူတွေ၊ ဆက်သွယ်ရမယ့် ပိုင်ရှင်တွေလည်း ပြန်တည့်သွားပြီပေါ့ဗျာ။ နာမည်ပြောင်းတာတွေ ဘာတွေတည့်သွားတော့ အလုပ်လုပ်လို့ကောင်းသွားပြီပေါ့။ အရင်က ပိုင်ရှင်က ဘယ်သူမှန်းလည်းမသိဘူးလေ။ လာမယ့် ဆောင်းရာသီမှာ ပိုပြီးတိုးတက်နိုင်တယ်” ဟု ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်ကော်မတီ၏ အတွင်းရေးမှူးက MT News သို့ ပြောသည်။

လက်ရှိတွင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ဟင်းသီး၊ ဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ ထွက်ရှိမှုများကို နေ့စဉ်စာရင်းကောက်ယူနေပြီး ဆောင်ရွက်ခြင်းမရှိသေးသည့် မြေနေရာပိုင်ရှင်များနှင့်လည်း တွေ့ဆုံကာ လိုအပ်သည့်အခက်အခဲများနှင့် လုပ်ငန်းအတွက် လိုအပ်သည့် အရင်းအနှီးပိုင်းဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဘာကူညီရမလဲပေါ့။ အခက်အခဲရှိတဲ့သူတွေဆိုရင် လိုအပ်တာတွေကို ညှိနှိုင်းပေးတာတွေအပြင် ငွေကြေးပိုင်းဆိုရင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ချေးပေးတာတွေ ဆောင်ရွက်ပေးနေတယ်။ အခုဆို ကြက်ခြံအလွတ်တွေလည်း ကြက်တွေထပ်ထည့်လာတယ်။ ငါးကန်တွေလည်း အသစ်ထပ်တူးလာတယ်။ ကွန်ကရစ်လမ်းတွေလည်း ထပ်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်တွင် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူဇုန်သို့ SAC ဥက္ကဋ္ဌ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လုပ်ပိုင်ခွင့်ရရှိထားသူများနှင့် လက်လွှဲရယူထားသူများ လုပ်ပိုင်ခွင့်ကို ပြန်လည်စိစစ်ခံရမည်ဖြစ်ပြီး တင်ပြစိစစ်ခံယူမှုမပြုလုပ်ပါက လုပ်ကိုင်ခွင့်ပြန်လည် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ဇုန်အတွင်း လုပ်ကိုင်ခွင့် ရရှိထားသူများနှင့် မူလလုပ်ကိုင်ခွင့်ရထားသူထံမှ ဝယ်ယူထားသူ (လက်လွှဲရယူထားသူ) များသည်လည်း ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန် လုပ်ငန်းကော်မတီသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက် နောက်ဆုံးထား လာရောက်ဆက်သွယ် စစ်ဆေးမှုခံယူရန်နှင့် အထောက်အထားအပြည့်အစုံပါရှိပါက ဆက်လက် စိုက်ပျိုး၊ မွေးမြူခွင့် ရရှိရေးဆောင်ရွက်ပေးသွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

“ဒီလိုစိစစ်မှုတွေ ဇွန်လ ၂၃ ရက်မှာ ပြီးသွားတာပေါ့။ နောက်ပိုင်းမှာ လုပ်ငန်းတွေ နာမည်ပြောင်းတာတွေ ဘာတွေကတော့ အကုန်လုံးတည့်သွားတာ။ ဇုန်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးတွေ ပိုဆောင်ရွက်လာနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့လလောက်တုန်းက ပဲခူး၊ လှည်းကူးတွေမှာ ရေကြီးတုန်းကတော့ ဇုန်ထဲမှာ ရေနည်းနည်းတက်သွားတယ်။ အဲချိန်လောက်ပဲ ကျန်တာပုံမှန်ဆောင်ရွက်နိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ တာဝန်ယူသည့် ၁၉၉၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လိုသူ စုစုပေါင်း (၁၁၉၁)ဦးအား လုပ်ကိုင်ခွင့်ပြုခဲ့ရာ တစ်ဦးချင်းကို အထူးဇုန်ကြီးကြပ်ရေးဗဟိုကော်မတီမှ လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်စာ ထုတ်ပေးဆောင် ရွက်စေခဲ့ခြင်းဖြစ်သည်။

ပုံစာ- SAC ဥက္ကဋ္ဌ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်စစ်ဆေးခဲ့မှုကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *