MT News
Written by Nay Aung
မြန်မာရေတပ်နှင့် ရုရှားရေတပ်အကြား ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အက်ဒမန်ပင်လယ်ထဲတွင် မနက်ဖြန် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာရေတပ်နှင့် ရုရှားရေတပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းသည် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ကျည်အစစ်ပစ်ခတ်မှုနှင့်အတူ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း၊ ရေအောက်လေ့ကျင့်ခန်းများ အပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားရေတပ်သင်္ဘာသား ၈၀၀ ကျော် လိုက်ပါလာသော ရုရှားရေတပ်သင်္ဘောများသည် ရုရှားနှင့် မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ် ရေတပ်ပူးတွဲလေ့ကျင့်ခန်းများလုပ်ဆောင်ရန် ပြီးခဲ့သော နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့သည်။
မြန်မာရေတပ်သည် စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့်နေရာမှ ငါးမိုင်အတွင်း သင်္ဘောများသွားလာခြင်းများမလုပ်ရန်နှင့် လေယာဉ်များကိုလည်း အမြင့်ပေ ၁၅၀၀ အောက်မှ ပျံသန်းခြင်းမျိုး မလုပ်ဆောင်ရန် သတိပေးထားသည်။
ရုရှားရေတပ်ဦးစီးချုပ် Nikolai Yevmenov သည် ခေတ်သသမိုင်းတွင် ရုရှားနှင့် မြန်မာနိုင်ငံကြား ရေတပ်ပူးတွဲ လေ့ကျင့် ခန်းဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း ရုရှား စစ်ဘက်ကပြောသည်။
ရုရှားကာကွယ်ရေးဝန်ကြီးက “ရုရှားရေတပ်ဦးစီးချုပ်ဟာ မြန်မာနိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တယ်။ ရုရှားရေတပ်ဦးစီးချုပ်ဟာ မြန်မာ နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ခေတ်သစ်သမိုင်းမှာ ရုရှားနဲ့ မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖွင့်ပွဲကိုလည်း တက်ရောက်မှာပါ။ ရုရှားစစ်သင်္ဘောတွေဟာ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာပါဝင်ဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ရုရှားရေတပ်ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များ သွားရောက်လည်ပတ်ခြင်း၏ အဓိက ရည်မှန်းချက်က ရုရှားနှင့် မြန်မာနိုင်ငံကြား ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ဆိုသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းတွင် ရုရှားနိုင်ငံ၏ ပစိဖိတ်သင်္ဘောအုပ်စုမှ ကြီးမားသောဖျက်သင်္ဘောများဖြစ်သည့် “Admiral Tributs”သင်္ဘောနှင့် “Admiral Panteleev” သင်္ဘောတို့ ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။
Ref; russianews