October 20, 2024

၄. ၁၁. ၂၀၂၃

Written by Hey Mar

လူမှုကွန်ရက်ပေါ်က အမည်မသိတဲ့သူတစ်ဦးက နည်းပညာနဲ့ မဖွယ်မရာဖန်တီးပြုပြင်ထားတဲ့ ပုံတွေ လူမှုကွန်ရက်ပေါ်တင်ပစ်မယ်လို့ အထက်တန်း Grade – 11 ကျောင်းသူကို ခြိမ်းခြောက်ခဲ့တာကြောင့် ရှက်ကြောက်ပြီး မိမိကိုယ်ကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်ခဲ့တဲ့ဖြစ်စဥ် နိုဝင်ဘာ ၂ ရက် နေ့လည် ၂ နာရီဝန်းကျင်က ရခိုင် ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆား ပြင်ကြီးကျေးရွာနေ အသက် ၁၇ နှစ်အရွယ် Grade – 11 ကျောင်းသူတစ်ဦးကို လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အမည်မသိသူတစ်ဦးက နည်းပညာနဲ့ ပြုပြင်ထားတဲ့ ပုံတွေပြုလုပ်ကာ မက်စင်ဂျာကတစ်ဆင့်ပေးပို့လာပြီး Video Call ခေါ်ကာ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ သေဆုံးသူကျောင်းသူရဲ့ သေတမ်းစာအရ သိရပါတယ်။

ရေးသားထားခဲ့တဲ့ သေတမ်းစာမှာ “Fb ပေါ်မှ လူတစ်ယောက်က ပေါက်ကရတွေပြောကြောင်း၊ ပုံတွေယူပြီး သူငယ်ချင်းများထံဖြန့်ဝေပြီး အရှက်ခွဲမည်ပြောကြောင်း Video Call ခေါ်ကာ အကြပ်ကိုင်တာကြောင့် အရှက်ကို အသက်နဲ့ ဖုံးကွယ်သွားတယ်လို့ ရေးသားထားပြီး၊ အိမ်နဲ့ လည်း ပြဿနာဖြစ်ပွားခြင်းမရှိကြောင်း၊ အဖေနဲ့အမေကိုတောင်းပန်ကြောင်း ရေးသားထားတာလည်း တွေ့ရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက ကျေးရွာသုဿန်မှာပဲ မီးသင်္ဂြိုလ် ပြီးစီးခဲ့​ပြီးဖြစ်သလို ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်းရေးဖွင့် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *