October 20, 2024

၄. ၁၁.၂၀၂၃

Written by Hey Mar

YBS – ၄၃ ယာဥ်နဲ့ တက္ကစီအငှားယာဥ် မတော်တဆ တိုက်မိရာက ယာဥ်မောင်းနှစ်ဦးစကားများပြီး YBS – ၄၃ ယာဥ်မောင်းက အငှားယာဥ်မောင်းကို ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက် ၇ နာရီ အချိန်ခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်အကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ စိန်ရတနာလူမှုကူညီရေးအသင်းက သိရပါတယ်။

ဖြစ်စဥ်အရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်အကျော် စော်ဘွားကြီးကုန်းကားဝင်းအဟောင်းရဲ့ ဂိတ်ပေါက် ၂ အရှေ့က မီးပွိုင့်အဖြတ်မှာ ဗိုလ်တထောင် -မင်္ဂလာဒုံဝါယာလက် ခရီးစဥ်ကိုပြေးဆွဲနေတဲ့ YBS 43 ခရီးသည်တင်ယာဥ်ဟာ ရှေ့က တက္ကစီယာဥ် နောက်ပိုင်းကို ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဥ်တိုက်မိတဲ့ ဖြစ်ကြောင့် တက္ကစီယာဥ်မောင်းက ကားပေါ်ကဆင်းပြီး YBS ၄၃ ယာဥ်မောင်းကို ဆင်းကြည့်ဖြေရှင်းပေးဖို့ပြောဆိုရာက နှစ်ဖက်စကားများကာ ဆဲဆို ​ရန်ဖြစ်ခဲ့ပြီး YBS ၄၃ ယာဥ်မောင်းက တက္ကစီယာဥ်မောင်းကို ကားနဲ့ တိုက်ကာ ဆွဲချိတ် ကြိတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတချို့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖြစ်စဥ်ကို မျှဝေထားတာတွေ့ရပါတယ်။

စိန်ရတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကိုယ်လုံးတခြား ခေါင်းတခြား လက်တွေ အူတွေ တစ်စဆီ အင်္ဂါစုံအောင် မနည်း လိုက်ကောက်ရတယ်။ ကိုယ်လုံးနဲ့ ခေါင်းက တစ်မှတ်တိုင်နီးပါးဝေးဝေး ပါသွားတာပါ။ ယာဥ်ထိန်းတပ်ကြပ်ကြီးက ရုပ်အလောင်းလာကောက်ပေးဖို့ အသင်းကို ဆက်သွယ်လို့ စီစဥ်ညွှန်ကြားတဲ့အတိုင်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

သေဆုံးသူ အငှားယာဥ်မောင်းရဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “တိုက်သွားတဲ့ ကားသမား ထွက်ပြေးသွားတယ် ဝိုင်းဝန်းကူညီပေးကြပါ” လို့ အကူအညီတောင်းဆိုထားပြီး YBS ၄၃ ယာဥ်မောင်းက ခရီးသည်တွေကို ဆယ်မိုင်ကုန်း မှတ်တိုင်အကျော်မှာ ဆင်းခိုင်းကာ ကားနဲ့အတူ မောင်းနှင်ထွက်ပြေးချိန် ကျောက်ရေတွင်း တံတားအနီးက တစ်ဖက်ပိတ်လမ်းအတွင်း မောင်းဝင်မိတဲ့အတွက် ကားထားပြီး လူအလွတ် ထွက်ပြေးခဲ့တယ်လို့ မျက်မြင် ဒေသခံတချို့ထံက စုံစမ်းသိရပါတယ်။

“ယာဥ်ထိန်းတွေလိုက်ဖမ်းတာမှာ လမ်းထဲက ခွေးတွေလိုက်ဆွဲလို့ အဲ့ဒီ YBS ယာဥ်မောင်း လွတ်သွားတာ”လို့ လည်း မျက်မြင်တချို့က ရေးသားထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *