၆. ၁၁. ၂၀၂၃
Written by Treasure
နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့ နည်းပြချုပ် မိုက်ကယ်ရဲ့ ပဏာမမြန်မာ့လက်ရွေးစင်အသင်းလူစာရင်းကို ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့အတွက် နည်းပြချုပ် မိုက်ကယ်ရဲ့ ပဏာမမြန်မာ့လက်ရွေးစင်အသင်းမှာ ဂိုး-ဆန်းဆက်နိုင်(ရန်ကုန်ယူနိုက်တက်)၊ပြည့်ဖြိုးအောင် (ဟံသာဝတီယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား ယူနိုက်တက်)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)တို့ ပါဝင်နေပြီး နောက်တန်းကစားသမားတွေအဖြစ် နန္ဒကျော်၊ ရဲမင်းသူ၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ ငြိမ်းချမ်း (ဒဂုံစတားယူနိုက်တက်)၊ လာဘ်ဝေဘုန်း (ဧရာဝတီယူနိုက်တက်)၊ မိုးဆွေအောင် ( ISPE )၊ ဟိန်းဖြိုးဝင်း (ရက်ချာဘူရီ)တို့ ပါဝင်နေပါတယ်။
မြန်မာအသင်းရဲ့ ကွင်းလယ်ကစားသမားတွေအဖြစ် ဝေလင်းအောင်၊ ဆောင်လမန် (ဒဂုံစတားယူနိုက်တက်)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင် (ဟံသာဝတီယူနိုက်တက်)၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ဟိန်းထက်အောင် (နီဂရီဆန်ဘီလန်)၊ ကျော်မင်းဦး (PDRM)၊ လွင်မိုးအောင် (ရရောင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ)ပါဝင်နေသလို တိုက်စစ်မှုးတွေအဖြစ် ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ အောင်မြတ်သူ (ဟံသာဝတီယူနိုက်တက်)၊ အောင်သူ (အူထိုင်းသန်နီ)၊ ဝင်းနိုင်ထွန်း (ဘော်နီယို)၊ သန်းပိုင် (ချင်းမိုင်ယူနိုက်တက်) တို့ပါဝင်နေပါတယ်။
နည်းပြချုပ် မိုက်ကယ်ရွေးချယ်ထားတဲ့ ပဏာမ မြန်မာအသင်းမှာ ပြည်တွင်းပြည်ပ ကလပ်အသင်းတွေက ကစားသမား ၂၉ ဦးနဲ့ ဖွဲ့စည်းထားပေမယ့် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နဲ့ ကစားသမားအချို့ပါဝင်နိုင်ခြင်းမရှိဘူးလို့ MFFရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့အတွက် လက်ရှိရွေးချယ်ထားတဲ့ ကစားသမားတွေအနေနဲ့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနဲ့ လေ့ကျင့်ရေး ကွင်း(၁)တို့မှာ ဒီနေ့ နိုဝင်ဘာ ၆ ရက်က စတင်ကာ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်သလို လေ့ကျင့်မှုပြီးဆုံးတာနဲ့ အပြီးသတ် ကစားသမားစာရင်း ဆက်လက်ရွေးချယ်သွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်မှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပထမဆုံး ပွဲစဉ်အဖြစ် ဂျပန်နဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမှာ ဖြစ်တယ်လို့သိရပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနဲ့ ရန်ကုန်မြို့မှာ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။