၆. ၁၁. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကို NUG၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ မဟာမိတ်တပ်သားတွေနဲ့ ကောလင်းခရိုင် ကွပ်ကဲရေး ဦးဆောင်မှုနဲ့ နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိ ကောလင်းမြို့ပေါ် ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားပြီးဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဖော်ပြလာပါတယ်။
NUG ဩဇာခံ PDF တွေဟာ သာလွန်အင်အားနဲ့ ကောလင်းမြို့ကို လေးရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ဒီနေ့နိုဝင်ဘာ ၆ ရက်ကြမှ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့လို့ အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ပြီး ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာ၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ NUG ရဲ့ MOD စစ်ရုံးချုပ်ကပြောထားပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိထားသလို PDF တွေ ရဲစခန်းကို သိမ်းယူအပြီးမှာလည်း ရာဇဝတ်သားတွေ ပါဝင်တဲ့ အကျဥ်းခန်းကို ဖွင့်လှစ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း Kawlin Revolution က ဖော်ပြထားတာ တွေ့ရပါတယ်။