၅. ၁၁. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ Sungai Lalang ပြည်နယ် Semenyih Hi-Tech စက်မှုဇုန်တွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားအလုပ်သမား သုံးဦးသည် အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားကာ တစ်ဦးသေဆုံးသွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။
မလေးရှား ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ မိုဟာမက် ဇစ် ဟတ်ဆန်က ပရိဘောဂစက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ပြင်းထန်သောဒဏ်ရာများဖြင့် တွေ့မြင့်ခဲ့ရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားကို ဆေးရုံပို့ခါနီး စီစဉ်နေချိန်တွင် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း၊ရဲတပ်ဖွဲ့၏ကနဦးစစ်ဆေးမှုများအရ အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား၏ ဝမ်းဗိုက်ဘယ်ဖက်ခြမ်းတွင် ချွန်ထက်သောအရာဖြင့် ထိုးခံရခြင်းကိုတွေ့မြင်ခဲ့ကြောင်း ပြောသည်။
မျက်မြင်သက်သေများက မြန်မာနိုင်ငံသားအလုပ်သမား သုံးဦးသည် အရက်အတူသောက်သုံးခဲ့ရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြော သည်။ လူသတ်မှုကျူးလွန်ခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးသည် အသက် ၂၄ နှစ်နှင့် ၂၈ နှစ်များရှိပြီး အခင်းဖြစ်ပွားရာနေရာမှထွက်ပြေးသွားခဲ့ကြောင်း ပြောသည်။
မလေးရှားရဲတပ်ဖွဲ့သည် ကျုးလွန်သူမြန်မာနိုင်ငံသားနှစ်ဦးကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် သက်သေခံဓားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။
ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲက “အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဟာ ဝမ်းဗိုက်ကို ဓားနဲ့အထိုးခံရလို့ သွေးထွက်လွန်ပြီးသေဆုံးခဲ့တာမျိုးဖြစ်တယ်။ လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိသူနှစ်ဦးကို နိုဝင်ဘာ ၁၀ ရက်နေ့အထိ စုံစမ်းစစ်ဆေးဖို့ ရမန်ယူထားတယ်” ဟု ပြောသည်။
Ref; newstraitime