MT News
၁၀၂ နှစ်မြောက် အမျိုးသားနေ့တွင် ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးမည်ဟု SAC က နိုဝင်ဘာလ ၁၆ ရက်နေ့ညတွင် ကြေညာသည်။
SAC သည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့)တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် ယနေ့ကာလအထိ နိုင်ငံတော်၏တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ(၅၀၅-က)အရ အရေးယူထားသည့် အနုပညာရှင်များနှင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယခင်ကလည်း အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် အနုပညာရှင်တချို့ ပုဒ်မ ၅၀၅(က) နှင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီးနောက် ယခုနှစ် မတ် ၂ ရက်တွင် အနုပညာလုပ်ငန်းများနှင့် နိုင်ငံတည်ဆောက်ရေး ပါဝင်ဆောင်ရွက်နိုင်စေရန် သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ပိုင်တံခွန်တို့ကို လွှတ်ပေးပြီးနောက် အဆိုတော်ပိုပိုနှင့် ဝင်းမင်းသန်း (Beauty Blogger)တို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် မင်းထင်ကိုကိုကြီးနှင့် စောဖိုးခွားတို့ ပြန်လွတ်ခဲ့သော်လည်း စောဖိုးခွားကိုမူ အမှုကျန်များကြောင့် ပြန်ဖမ်းခဲ့သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။