၆. ၁၁. ၂၀၂၃
Written by Ye Kyaw
ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ ပို့ကုန်လိုင်စင် လျှောက်ထားသည့် တန်ချိန်အပေါ် အရန်ဆန်အဖြစ် ဆန်သုံးတန်လျှင် ဆန်တစ်အိတ် ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာထားသည်။
ဆန်တင်ပို့သည့်ပမာဏ၏ ပေးသွင်းရမည့်အရန်ဆန်၏ ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ တစ်ပတ်အတွင်း ပေးသွင်းခြင်းဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်ပြန်ချက်တွင် မူရင်းဖော်ပြချက်မှာ (ပေးသွင်းရမည့် (၃)တန် (၁)အိတ်အရန်ဆန်များ၏ (၄) ပုံ (၁)ပုံ (၂၅) ရာခိုင်နှုန်း) ဟု ထုတ်ပြန်ထားသည်။ Physical ပေးသွင်းမှုအပေါ် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ် ဈေးနှုန်းအား (နိုဝင်ဘာလ)အတွက် တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
တင်ပို့မည့် ဆန်တန်ချိန် သုံးတန်အတွက် ဆန်တစ်အိတ်ပေးသွင်းရမည့် အရန်ဆန် ၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်ဖြင့် ထားရှိရေးအတွက် သတ်မှတ်ပုံစံများနှင့်အညီ လျှောက်ထားတင်ပြရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစ၍ Pre-License Inspection စစ်ဆေးပြီးသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို ပူးတွဲပါပုံစံဖြင့် တင်ပြရမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း တစ်လလျှင် ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။