◼️အစ္စရေးက ဟားမားစ်တို့ကို လုံးဝနှိမ်နင်းမည်ဟု ရာဇသံထုတ်ပြန်
၆. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေး-ဟားမားစ် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည်မှာ ရက် ၃၀ ကြာပြီဖြစ်သည့် နိုဝင်ဘာ ၅ ရက်တွင် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုက ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်ဆိုင်းပေးရန် တောင်းဆိုမှုများကို လုံးဝမလိုက်လျောနိုင်ဟု ထပ်မံငြင်းဆိုခဲ့ကြောင်း သိရသည်။
အစ္စရေးတို့က ဂါဇာဒေသ၌ ဒုက္ခသည်စခန်းနှစ်ခုအား လေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် သူနာတင်ယာဉ်တစ်စီးကိုပါ လေကြောင်းတိုက်ခိုက်မှု ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်ကလည်း နိုဝင်ဘာ ၅ ရက်တွင် ဤသို့ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်နေတန်ရာဟုက “ဖမ်းသွားတဲ့ ဓားစာခံတွေကို ပြန်လွှတ်မပေးဘဲနဲ့ ဘယ်လို အပစ်အခတ်ရပ်ဆိုင်းရေးကိုမှ လိုက်လျောမှာမဟုတ်ဘူး။ ဒီစကားလုံးကို အဘိဓာန်ကနေတောင် ဖယ်ပစ်သင့်တာ။ ကျွန်တော်တို့အနေနဲ့ ဟားမားစ်တွေကို လုံးဝနှိမ်နင်းနိုင်တဲ့အထိ စစ်ပွဲကိုတိုက်သွားမှာပါ။ ဒါကို ကျွန်တော်တို့မိတ်ဆွေတွေရော၊ ရန်သူတွေရော အားလုံးကို ပြောချင်တယ်။ ကျွန်တော်တို့မှာ ဒီပြင်ဆောင်ရွက်ဖို့ နည်းလမ်းကွဲမရှိပါဘူး” ဟု ပြောခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးနိုင်ရန် အပစ်အခတ်ခေတ္တရပ်ဆိုင်းမှုပြုပေးရန် တောင်းဆိုခဲ့ပြီးနောက်နေ့တွင် အစ္စရေးဝန်ကြီးချုပ်က ဤသို့ ငြင်းဆန်မှုပြုခဲ့ခြင်းဖြစ်သည်။
၎င်းက “ အစ္စရေးအနေနဲ့ အင်အားအပြည့်သုံးတိုက်ခိုက်သွားမှာဖြစ်ပြီး ဓါးစာခံတွေကိုပြန်မလွှတ်ဘဲနဲ့ ဘယ်လို ယာယီအပစ်အခတ်ရပ်ဆိုင်းမှုမျိုးကိုမှ လုပ်သွားမှာမဟုတ်ဘူး” ဟု အခိုင်အမာပြောကြားခဲ့သည်။
ရက် ၃၀ ပြည့်ခဲ့သည့် စစ်ပွဲအတွင်း အစ္စရေးတို့က ဂါဇာရှိ ဟားမားစ်တို့ကို မြေပြင်တိုက်ခိုက်မှုများပါ အရှိန်မြှင့်လျက်ရှိသည်။ ဤကာလ၌ အစ္စရေးဘက်မှ ၁,၄၀၀ ကျော်သေဆုံးခဲ့ရပြီး ဂါဇာဒေသတွင် သေဆုံးသူမှာလည်း ၁၀,၀၀၀ နီးပါးထိ ရှိလာပြီဖြစ်သည်။
Ref—-mint