October 23, 2024

MT News

Written by Naing Thuta

မီးအားမြှင့်စက်အပူရှိန်လွန်ကဲပြီး နေအိမ်ထရံမှတစ်ဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ ထရံကာနှစ်ထပ်အိမ် ၂ လုံးမီးလောင်ကျွမ်းမှု နိုဝင်ဘာလ ၁၅ ရက် ညဉ့်နက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးအားမြှင့်စက်အပူလွန်ကဲပြီး စ လောင်တာလို့ပြောတယ်။ အိမ်က ထရံကာအိမ်ဆိုတော့ မီးလောင်တာမကြာပေမဲ့လည်း ခဏလေးနဲ့ နှစ်ထပ်အိမ် ၂ လုံးပါသွားတာ။ တစ်အိမ်နဲ့တစ်အိမ်ကလည်း ကပ်နေတော့ မီးကူးတာမြန်တာပေါ့။ မီးသတ်ကားတွေအချိန်မီရောက်လာလို့သာ။ မဟုတ်ရင် ဘယ်လောက်အထိပါသွားမလဲမသိဘူး။ အိမ်တွေက တအားကပ်နေတာဆိုတော့” ဟု မီးလောင်မှုဖြစ်ပွားသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၅၉ လမ်းနှင့် လမ်း ၆၀ ကြား၊ ၁၁၇ လမ်းပေါ်ရှိ အကွက်အမှတ် (ဠ -၁၂) ၊ အိမ်အမှတ်(၃) ရှိ နေအိမ်တွင် မီးအားမြှင့်စက်အပူရှိန်လွန်ကဲပြီး နေအိမ်ထရံမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ ထရံကာအိမ် ၂ လုံး မီးလောင်ကျွမ်းသွားခဲ့မှု နိုဝင်ဘာ ၁၅ ရက် ညည့်နက်ပိုင်း ၁၁ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ် (၉) စီး၊ ရေသယ်ယာဉ် (၃) စီး၊ မီးသတ်တပ်ဖွဲ့ဝင်သန္ဓေ (၁၀) ဦး၊ အရန်တပ်ဖွဲ့ဝင် (၅၀) ဦးတို့နှင့် ရပ်ကွက်သူ/သားများမှ မီးဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်ချိန်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

၎င်းမီးလောင်မှုကြာင့် (၁၅×၃၀ ပေ) ထရံကာ၊ သွပ်မိုး နှစ်ထပ်နေအိမ် (၂) လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ကာလတန်ဖိုး ( ၇၅၀၀၀၀) ခန့်ဆုံးရှုံးသွားကြောင်းနှင့် မီးစတင်လောင်ကျွမ်းသည့်နေအိမ်အား ဥပဒေအရ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *