၆. ၁၁. ၂၀၂၃
Written by Treasure
၂၀၂၃ ဖီဖာ ယူ- ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ထက် အင်အားတောင့်တင်းတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် ခက်ခဲတဲ့ အခြေနေတစ်ခုနဲ့ ယှဉ်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ၂၀၂၃ ဖီဖာ ယူ – ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းဟာ အီကွေဒေါအသင်း၊ ပနားမားအသင်း၊ မော်ရိုကိုအသင်းတွေနဲ့ အုပ်စု(A)မှာ ကျရောက်နေပြီး အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ဖို့အတွက် ရုန်းကန်ရမှာဖြစ်ပါတယ်။
ယူ – ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအရ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံမြေမှာ ပထမဆုံးကျင်းပခွင့် ရရှိထားတာဖြစ်သလို အင်ဒိုနီးရှားအသင်းအနေနဲ့လည်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားမယ့် အင်ဒိုနီးရှားအသင်းကို အင်ဒိုနီးရှားလက်ရွေးစင်ဟောင်း ဘီမာ ဆူကတီး တူကီးမန်းက ကိုင်တွယ်နေပြီးတော့ အသင်းမှာ အင်ဒိုလိဂ်ကလပ်အသင်းက လူငယ်ကစားသမားတွေအပြင် ဘရာဇီးကလပ် ဆာပေါ်လိုအသင်းနဲ့ ဂျာမနီကလပ် ဟော့ဖင်ဟိန်းအသင်းက ကစားသမားတစ်ဦးစီကို ရွေးချယ်ထားပါတယ်။
အင်ဒိုနီးရှားအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရင်ဆိုင်ရမယ့် အသင်းတွေကို သုံးသပ်ရရင်တော့ အီကွေဒေါအသင်း၊ ပနားမားအသင်း၊ မော်ရိုကိုအသင်းတို့ဟာ ယူ – ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အသင်းတွေဖြစ်သလို အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ခဲ့ဖူးတဲ့ အသင်းတွေဖြစ်ပါတယ်။ အီကွေဒေါအသင်းဟာ ယူ – ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို ၂ ကြိမ်အထိ တက်လှမ်းနိုင်ထားခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိအုပ်စုအတွင်းမှာလည်း အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါ့ပြင် ပနားမားအသင်းနဲ့ မော်ရိုကိုအသင်းတွေကလည်း အင်ဒိုနီးရှားအသင်းထက်သာလွန်တာကြောင့် အခြေအနေဆိုးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လက်ခံကျင်းပသွားမယ့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် အင်ဒိုနီးရှားအသင်းအပါအဝင် ခြေစစ်ပွဲအောင် အသင်းပေါင်း ၂၄ သင်းက ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အုပ်စု (၆)အုပ်စုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ယူ – ၁၇ ကမ္ဘာ့ပြိုင်ဖလားပြိုင်ပွဲဟာ အုပ်စုပထမနဲ့ အုပ်စုဒုတိယရရှိတဲ့ အသင်း(၁၂)သင်းနဲ့ အကောင်းအုပ်စုတတိယ ရရှိခဲ့တဲ့ အသင်း(၄)သင်းတို့က ၁၆သင်းရှုံးထွက်အဆင့်ကို တက်လှမ်းခွင့် ရရှိမှာဖြစ်ပါတယ်။