October 19, 2024

၆. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးကလည်း ဟားမားစ်တို့အပေါ်တိုက်ခိုက်မှုကို ပို၍ အရှိန်မြှင့်တင်လာနေသည့် အချိန်ဖြစ်သည့် အစ္စရေး-ဟားမားစ် စစ်ပွဲ ရက် ၃၀ မြောက်ခဲ့ပြီဖြစ်သည့် နိုဝင်ဘာ ၅ ရက်တွင် လန်ဒန်၊ ဘာလင်၊ ပါရီ၊ အန်ကာရာနှင့် ဝါရှင်တန် စသည့် ကမ္ဘာ့မြို့ကြီးများ၌ ပြည်သူတို့က ဂါဇာဒေသ အပစ်အခတ် ရပ်ဆိုင်းရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လန်ဒန်မြို့တွင်ဆိုလျှင် ဆန္ဒပြသမားများစွာက မြို့အလယ်တွင်လမ်းများပေါ်၌ ထိုင်လျက်ဆန္ဒပြပွဲများ‌ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင်မူ ၎င်းတို့က လန်ဒန်မြို့၏နာမည်ကြီး ထရာဖာလ်ဂါ ရင်ပြင်သို့ ချီတက်ခဲ့ကြသည်။ ဆန္ဒပြသမားတို့က ‘ပါလက်စတိုင်းတို့ကို လွတ်လပ်ခွင့်ပေး’ နှင့် ‘ဂါဇာမှာ အခုချက်ချင်းအပစ်ရပ်’ နှင့်‘ထောင်ပေါင်းများစွာ၊ သန်းပေါင်းများစွာသော ကျွန်ပ်တို့က ပါလက်စတိုင်းများသာဖြစ်သည်’ ဟုရေးသားထားသည့် စာတန်းများ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။ လန်ဒန်ရဲတပ်ဖွဲ့က လူမျိုးရေးမုန်းတီးမှုများကိုလှုံ့ဆော်မှုနှင့် ပြည်သူများ ငြိမ်ဝပ်ပိပြားရေးကို လူမျိုးရေးအရ နှောင့်ယှက်ဖျက်ဆီးမှုတို့ဖြင့် လူ ၂၉ ဥိးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ယူကေ ဝန်ကြီးချုပ် ရီရှီ ဆူနတ်ကလည်း အမေရိကန်အစိုးရ ပြောကြားချက်အတိုင်း သံယောင်လိုက်ကာ ဂါဇာ ဒေသသို့ လူသားချင်းစာနာသည့် အထောက်အပံ့များပေးနိုင်ရန် အပစ်အခတ်ရပ်ဆိုင်းမှုများခေတ္တအားဖြင့်ပြုကြရန် ပြော ကြားခဲ့သည်။

This image has an empty alt attribute; its file name is 2-1-1024x575.jpg

တူရကီနိုင်ငံ အန်ကာရာမြို့တွင်လည်း နိုဝင်ဘာ ၅ ရက်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ရောက်ရှိမလာမီ နာရီပိုင်းအလို၌ ပါလက်စတိုင်းထောက်ခံရေးဆန္ဒပြသမားများက အမေရိကန်တပ်ဖွဲ့အခြေစိုက် စခန်းတစ်ခု၏ အိမ်ရာအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြရာ တူရကီရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ရသည်။

အမေရိကန်၌လည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသမားတို့က ပါလက်စတိုင်းအလံများကိုင်ဆောင်ဝှေ့ယမ်းကာ “ ဘိုင်ဒန် ဘိုင်ဒန် ၊ မင်း လူမျိုးတုံးသတ်ဖြတ်မှုစာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ ပုန်းကွယ်မနေပါနဲ့” ဟု ဝါရှင်တန်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြသမားများက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစ္စရေးသို့စစ်ရေးထောက်ပံ့နေမှုအား စပီကာများဖြင့်အော်ဟစ်ရှုတ်ချခဲ့ကြကာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့လက်မှာ အခုဆို သွေးတွေစွန်းနေပါပြီ ဟု ကြေညာခဲ့ကြသည်။ ဆန္ဒပြသမားအချို့က ဂျိုးဘိုင်ဒန်အား သမ္မတရာထူး ဒုတိယသက်တမ်းအတွက် လုံးဝထောက်ခံမည်မဟုတ်ဟု ပြောခဲ့ကြသည်။

This image has an empty alt attribute; its file name is 3-1-1024x614.jpg

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်လည်း ဆန္ဒပြသမားများက ‘အကြမ်းဖက်မှုသံသရာရပ်တန့်ပါ’၊ ‘ဘာမှမလုပ်ဘဲ၊ ဘာမှမပြောဘဲနေရင် အကြမ်းဖက်မှုမှာ ပူးပေါင်းကျူးလွန်မှုပဲ’ ဟုစာတန်းများကိုင်ဆောင် ချီတက်ခဲ့ကြသည်။ ပါရီမြို့တွင် ပါလက်စတိုင်းထောက်ခံရေးဆန္ဒပြပွဲများကို ငြိမ်ဝပ်ပိပြားရေးထိခိုက်မည်စိုး၍ ပြင်သစ်အစိုးရက ယခင်က ကျင်းပခွင့်မပေးခဲ့ဘဲ ယခုဆန္ဒပြပွဲက ပါရီတွင် ပထမဆုံးသော ပါလက်စ တိုင်း ထောက်ခံရေးဆန္ဒပြပွဲလည်း ဖြစ်သည်။

ဘာလင်တွင်လည်း ဆန္ဒပြသမားများက ပါလက်စတိုင်းအလံများ ဝှေ့ယမ်းချီတက်ခဲ့ကြရာ ဆန္ဒပြအမျိုးသမီးတစ်ဦးက သွေးရောင်များပေကျံနေသော လက်ကို လေထဲသို့မြှောက်ကာ ချီတက်ခဲ့သည်ကို တွေ့ရသည်။

Ref—–Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *