October 19, 2024

၆. ၁၁. ၂၀၂၃
Written by Nyein Kyaw

ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှ တရားမဝင်တင်သွင်းလာသည့် ကျပ် ၄ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ ရွှေတုံး ၁၆ ကီလိုဂရမ်၊ ဒေါ်လာ ၁၂၀,၀၀၀ နှင့် iPhone ၂၅၉ လုံး ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

နိုဝင်ဘာလ ၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်)၌ ခရီးသည် ၃ ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone 15 ProMax ၂၅၉ လုံး၊ အမေရိကန်‌ဒေါ်လာ ၁၀၀ တန်ဟု ယူဆရသော နိုင်ငံခြားငွေဒေါ်လာ ၁၂၀,၀၀၀ နှင့် Gold 999.9 1 kilo စာတမ်းပါ ရွှေဟုယူဆရသောအတုံး ၁၆ တုံး ၁၆ ကီလိုဂရမ် ခန့်မှန်းတန်ဖိုး‌ငွေ ကျပ် ၃,၉၄၆,၅၀၀,၀၀၀ (၃ ဒသမ ၉ ဘီလျံကျော်)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၄,၂၃၅,၆၅၉,၇၃၄ (၄ ဒသမ ၂ ဘီလျံကျော်) ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အလားတူ ဝေါမြို့နယ်၊ သပြေကန်ရွာအနီး၌ ကျိုက်ထိုမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ ၅၄၀၀ လီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဘုရားကြီးမြို့၊ ကသစ်ဝိုင် ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် MAXTIRES ကားတာယာ ၁၈ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၀၀၀,၀၀၀ (ကျပ် ၁၁၃ သန်း)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာမြိတ်မြို့၊ ထားဝယ်စုရပ်ကွက်၊ ရွှေနန်း တော်မုန့်တိုက်အရှေ့၊ နဝရတ်လမ်းသွယ်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် 888 Playing Cards ဖဲချပ် ၄,၆၀၈ ထုပ် အပါအဝင် ကုန်ပစ္စည်း ၂ မျိုး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇,၂၈၉,၆၀၀ ၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Wellman အားဆေး ၁၀,၀၈၀ ဘူး ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၉,၁၅၉,၇၃၄ (ကျပ် ၂၈၉ သန်းကျော်) ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၆၅,၉၄၉,၃၃၄ (ကျပ် ၄ ဒသမ ၃၆၅ ဘီလျံ) ဖြစ်ပြီးအကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *