၆. ၁၁. ၂၀၂၃
Written by Ye Kyaw
သမဝါယမအသင်းပိုင် လယ်ယာမြေများအား တစ်နှစ်လျှင် သီးနှံသုံးကြိမ်စိုက်ပျိုးနိုင်ရေးနှင့် ကြက်၊ ဝက်၊ နွား၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ အောင်မြင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြောသည်။
သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးမှစ၍ စီးပွားဖြစ် မွေးမြူနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မြစိမ်း ရောင် (သမဝါယမ) စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ၁၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသုံးခုရှိ မြို့နယ် ၈၆ မြို့နယ်မှ အသင်းပေါင်း ၃၅၄သင်း၊ အသင်းသားဦးရေ ၁၄၃၆၃ ဦးတို့အား ရန်ပုံငွေကျပ်သန်း ၁၃ဘီလီယံကျော်ကို ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ဆောင်းသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကထားစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးစပါးပြန်ကောက်ချိန်နှင့် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးချိန် တိုက်ဆိုင်နေသည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (စိုက်၊ မွေး၊ ဆည်)မှ မိုးစပါးအတွက် ထုတ်ပေးထားသည့် ငွေများကိုလည်း သတ်မှတ်ချိန်အတိုင်း ပေးဆပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် နွေစပါးစိုက်ပျိုးရန်လိုအပ်သည့် မျိုးများရရှိအောင် ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။