October 20, 2024

၃. ၁၁. ၂၀၂၃

Written by Zaw Moe

တပ်မတော်အနေဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အစွမ်းကုန်ဆောင်ရွက်မည်ဖြစ်ပြီး ဆုံးရှုံးခဲ့ရသော နယ်စပ်‌ဒေသရှိမြို့များကို ပြန်လည်၍ နယ်မြေစိုးမိုးမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ကျွန်‌တော်တို့အနေနဲ့ကတော့ မနေ့က နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သလို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်တယ်။ တချို့ဆုံးရှုံးခဲ့ရတဲ့ နေရာတွေရှိတယ်။ ဒါတွေသည်လည်း နယ်စပ်ဒေသမှာရှိတဲ့ မြို့တွေသာဖြစ်ပါတယ်။ စခန်းငယ်လေးတွေရှိတယ်။ ဒါတွေကိုလည်း ပြန်လည်ပြီး နယ်မြေစိုးမိုးမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is %E1%81%81-1.jpg

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အချို့သောမီဒီယာများ ဝါဒဖြန့်နေသကဲ့သို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြိုအားလုံးနီးပါး ထိန်းချုပ်ထားခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် နယ်စပ်ဒေသသုံးခုသာ ဆုံးရှုံးခဲ့ကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ ရက်တွင် ပြောကြားထားသည်။

နိုဝင်ဘာလ ၃ ရက် (ယနေ့)တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်ရှိ တာရွှေထန်ရွာနှင့် မွန်ဂိုးဒေသများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နမ့်ခမ်းအနီး ရွှေလီတံတားဘက်ခြမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့မှုကြောင့် မည်သည့်နေရာကိုမျှ မဆုံးရှုံးခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is %E1%81%82-1.jpg

MNDAA၊ TNLA အဖွဲ့များအနေဖြင့် ယခုနောက်ပိုင်းတွင် ပြည်သူလူထုအသုံးပြုနေသည့် ဆက်သွယ်ရေးလမ်း များ၊ တံတားများကို ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို ဆောင်ရွက်နေပြီး တံတားငယ်များကို ဖျက်ဆီးခဲ့သည့်အပြင် လမ်းများတွင် မြောင်းများတူးပြီး လမ်းများကို ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအား အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပြင် ပြည်သူ့စစ်နယ်ခြားစောင့်တပ်များ အားလုံးမှ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်မှုများကို နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲအားလုံးက အသိမှတ်ပြုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *