October 23, 2024

MT News

မကြာခင် အသင်းကထွက်ခွာနိုင်ဖွယ်ရှိနေသည့် ခရစ္စတီယာနိုရော်နယ်ဒို နေရာအစားထိုးရန် ပြင်သစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တတ်အသင်း စီစဉ်နေကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုက အသင်းပိုင်ရှင်၊ နည်းပြများအပေါ်  ဝေဖန်ခဲ့ပြီးနောက် လာမည့်ဇန်နဝါရီလတွင် အသင်းကထွက်ခွာနိုင်ဖွယ် ရှိနေသည်။

ယူနိုက်တက် ကမ်းလှမ်းဖို့ပြင်ဆင်နေသည့် တိုက်စစ်မှူးအမ်ဘာပေသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ပွဲပေါင်း ၁၉၃ ပွဲကစားထားပြီး ၁၆၉ ဂိုးသွင်းယူထားကာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။

ယူနိုက်တက်မှာ အသက် ၂၃ နှစ်အရွယ်သာရှိသေးသည့် အမ်ဘာပေအတွက် ဘဝတစ်ဆစ်ချိုးပြောင်းလဲပေးနိုင်မည့်နေရာမဟုတ်သော်လည်း ရော်နယ်ဒိုနေရာတွင် အစားထိုးရန်အတွက် အသင့်တော်ဆုံးကစားသမားဖြစ်ကြောင်း The Mirror သတင်းက ဖော်ပြသည်။

ယူနိုက်တက်အနေဖြင့် ရော်နယ်ဒိုနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါအချက်များအား ဖြေရှင်းနိုင်မည်ဆိုပါက အမ်ဘာပေကို ခေါ်ယူနိုင်မည့် အလားအလာကောင်းများရှိနေသည့် တစ်ခုတည်းသော ဥရောပအသင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ နှင့် တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းထက်မကျော်သည့် စာချုပ်ဖြင့်ခေါ်ယူဖွယ်ရှိနေသဖြင့် အမ်ဘာပေကိုခေါ်ယူနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများလည်း ရှိနေသည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် ပထမဆုံးချန်ပီယံလိဂ်ဖလားအား ရယူနိုင်ရန်လိုအပ်နေသည့်အတွက် အမ်ဘာပေကဲ့သို့သော ကစားသမားမျိုးအား လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် လက်လွှတ်နိုင်ဖွယ်မရှိကြောင်း The Mirror က သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *