October 19, 2024

၄. ၁၁. ၂၀၂၃
Written by Ye Kyaw

မြန်မာအမျိုးသားလေကြောင်း (MNA)မှ Cargo Flight ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးကြေညာထားသည်။

MNA မှ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၄ ရက် (ယနေ့)တွင် ရန်ကုန် – ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်းနှင့် ငါးရှဉ့် ၁,၃၀၂၆ ကီလို ပါရှိသော ပုံးအရေအတွက် ၄၄၉ ပုံးနှင့် ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း ၁၃,၈၈၆ ကီလိုပါရှိသော ပုံးအရေအတွက် ၆၇၃ ပုံး တင်ဆောင်ပျံသန်းခဲ့ပြီး ရန်ကုန် – ကူမင်း – ရန်ကုန် Cargo Flight အား နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

MNA လေကြောင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) ခရီးစဉ်နှင့် သက်ဆိုင်သည့် အသေးစိတ်အချက်များကို Logi Plus Company Limited နှင့် ဆက်သွယ်ချိတ်ဆက်ရမည်ဖြစ်ကြောင်း သိရသည်။

“ကုန်စည်လိုင်းပို့မယ်ဆိုရင်တော့ Custom ခွင့်ပြုချက်၊ Export/ Import declaration (ပို့ကုန်သွင်းကုန်ခွင့်ပြုမိန့်/ကြေညာစာ) အဲဒါရှိမှပဲ လေယာဉ်က တင်လို့ရမယ်” ဟု Logi Plus Company Limited မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာအမျိုးသားလေကြောင်း (MNA)မှ ရန်ကုန်ကိုအခြေပြု၍ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ကုန် ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) လေကြောင်းခရီးစဉ်ကို စက်တင်ဘာ ၂၈ ရက်မှ စတင်၍ ကူးသန်းပြေးဆွဲခဲ့ခြင်းဖြစ် သည်။

Leave a Reply

Your email address will not be published. Required fields are marked *