October 19, 2024

၄. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း နေရပ်စွန့်ခွာခဲ့ရသူလူပေါင်း ၅၀၀၀၀ နီးပါး ရှိလာခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်ချက်မြင့်တက်နေကြောင်း ကုလသမဂ္ဂအဖွဲ့စည်းတစ်ခုဖြစ်သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ (OCHA)က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော တအာန်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့တပ်မတော်စခန်းများကို အောက်တိုဘာ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်စခန်းပေါင်း ၉၀ ကျော်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ထို့နောက် ရှမ်းပြည်နယ်တွင် နေရပ်စွန့်ခွာနေထိုင်ရသူအရေအတွက်မြင့်တက်လာနေပြီး အရေအတွက် အတိ အကျကို စာရင်းကောက်ယူနေဆဲဖြစ်ကြောင်း OCHA ကပြောသည်။

ထို့အပြင် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံနှင့်ချိတ်ဆက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သယ်ယူပို့ဆောင်ရေး အဓိကလမ်းကြောင်းများ ပြတ်တောက်နေခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း တံတားများပျက်စီးခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာများ၊ ပဲခူးအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်နေခြင်းကြောင့် မိုလ်ဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-04_14-39-21.jpg

တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် နေရပ်စွန့်ခွာခဲ့ရသူများကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘာသာရေးအဖွဲ့စည်းများ၊ ဒေသခံအဖွဲ့အစည်းများက အစားအစာ၊ သောက်ရေသန့်၊ အမိုးအကာ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ကူညီထောက်ပံ့ပေးထားရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၂၂ မြို့နယ်ရှိသည့်အနက် ၉ မြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေရာ နေရပ်စွန့်ခွာရသူအသစ်အရေအတွက် များပြားလာနေသည်။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်သော OCHAက ” တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လမ်းတွေပိတ်တာတွေ၊ တံတားတွေပျက်စီးနေတာတွေဖြစ်နေတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေလည်း ကန့်သတ်မှုနဲ့သာ ရရှိခဲ့တယ်။ ဒေသခံတွေအပေါ်သက်ရောက်မှုတွေဖြစ်လာနေတယ်” ဟု ပြောသည်။

အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်သွယ်ရေးလိုင်းများပျက်စီးနေခြင်းများကြောင့် ကူညီကယ်ဆယ်ရေးကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေကြောင်း၊လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ပစ္စည်းများ ပေးပို့ကူညီခြင်းကို ဟန့်တားခြင်းမျိုး မလုပ်ဆောင်စေလိုကြောင်း OCHA က ဆိုသည်။

Ref; UN

Leave a Reply

Your email address will not be published. Required fields are marked *