October 19, 2024

MT News

၃. ၁၁. ၂၀၂၃

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တရုတ်နိုင်ငံက ကူညီထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong တို့ ယနေ့ပြုလုပ်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရေး၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား မူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန် အလှန်ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *