October 19, 2024

၄ .၁၁.၂၀၂၃

Written by Hey Mar

အရက်သောက်ထားတဲ့ ယာဥ်မောင်းက ရောင်ပြန်မပါဘဲ လမ်းဘေးချရပ်ထားတဲ့ တွဲကားကို နောက်က ဝင်တိုက်လို့ ယာဥ်မောင်းအပြင်းအထန် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ် နိုဝင်ဘာ ၃ ရက် ည ၈ နာရီ ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မှာ ဖြစ်ပွားခဲ့တယ်လို့ သာကေတ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရတနာလမ်းမကြီး ၊ လယ်ယာ(၃)လမ်းထိပ်မှာ Hijet ကားတစ်စီးဟာ ညအချိန်လမ်းဘေးမှာရပ်ထားပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်းအရ တပ်ဆင်ထားရမယ့် ရောင်ပြန်တွေ ပျက်နေတဲ့ တွဲကားကို ဝင်တိုက်မိတာလို့ သိရပါတယ်။

တိုက်တဲ့ကားက ယာဉ်မောင်း ကားအတွင်း ညပ်နေကြောင်း မျက်မြင်တွေ့ရှိသူတွေက လူမှုကူညီရေးအသင်းတွေဆီအကြောင်းကြားလာတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ မြေပြင်ကူညီမှုတွေ သာကေတ လူမှုကူညီရေးအဖွဲ့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 397943202_632682572371147_450103215696090233_n.jpg

“ယာဥ်မောင်းကလည်း သောက်ထား စားထားပုံရပါတယ်။ ရပ်ထားတဲ့ တွဲကားကတော့ ရောင်ပြန်တွေ ပျက်နေတယ်။ အဲ့ဒီနေရာမှာ တွဲကားတွေက ရပ်နေကြပဲ။ နောက်ကနေ ဝင်တိုက်တဲ့ Hijet ကားက ခေါင်းပိုင်း အတော်ပျက်စီးပြီး ယာဥ်မောင်းက ကားထဲ ညပ်နေတာ တော်တော် ဆွဲထုတ်ရတယ်။ လက်မောင်းကျိုးပြီးအရိုးအပြင်ထွက်နေတယ်၊ ခေါင်းလည်း ထိတယ်။ သတိတော့ ရတယ်။ သတိမလစ်အောင် ပြုစုပေးပြီး ရန်ကုန်ဆေးရုံကြီးကို ပ်ို့ပေးခဲ့ပါတယ်” လို့ အဆိုပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ အသက်(၄၀)နှစ်ဝန်းကျင်ခန့် ယာဉ်မောင်းအမျိုးသားဟာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် နှင်းဆီအိမ်ရာမှာ နေထိုင်သူလို့ သိရပြီး မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *